Friday, November 28, 2008

ဆရာကျော်ဝင်း အင်တာဗျူးအပေါ် ဝေဖန်သုံးသပ်ချက်များ

ခုတလောမှာ ဘာသာပြန် ဆရာ ကိုကျော်ဝင်းရဲ့  အင်တာဗျူး (၉) ပုဒ်ကို စုပေါင်း ထုတ်ဝေ လိုက်တဲ့ (စာအုပ်များနဲ့ ထင်မြင်ချက်များ) စာအုပ်ကို ဖတ်ဖြစ်ပါတယ်။ ဖတ်လို့ လဲ ကောင်း မိမိ မသိသေးတဲ့ နိုင်ငံတကာ ပညာရှင်တွေရဲ့  အတွေးအမြင် အယူအဆ တွေကို လေ့လာခွင့် ရတဲ့ အတွက် ကိုကျော်ဝင်းကို ကျေးဇူးတင်ရပါတယ်။ သူနဲ့ ကျနော် သိကျွမ်းခဲ့တာ နှစ်ပေါင်း အစိတ် ခန့် ရှိခဲ့ပြီ ။ အဲဒီတုန်းက နရသိမ် စခန်းအတွင်းမှာ နိုင်ငံရေးသမားတွေ အဖြစ် သိကျွမ်းရင်းနှီးခဲ့ တာပါ။

၂၀၀၀ ခုနှစ် ပတ်ဝန်းကျင် ရောက်တော့ သူဟာ နိုင်ငံရေးသမားဘ၀ကို စွန့် လွှတ်ပြီး ဂျာနယ် မဂ္ဂဇင်း ကလောင်ရှင် အဖြစ် သူ့ ဘ၀ကို ပြောင်းလဲလိုက်ပါတယ်။ သူ့ ရဲ့  ဘာသာပြန် ဆောင်း ပါးတွေဟာ အလွန် အဆင့် အတန်း မြင့်တယ် လို့  ယူဆမိတယ်။ တလေး တစားလည်း ဖတ် ဖြစ်တယ်။ ဘာသာပြန် ပညာရပ် အနေနဲ့  မြင်ဆရာ တစ်ဦး လို့ လည်း သတ်မှတ် နိုင်ပါတယ်။
ဒီလိုနဲ့  လူချင်းပြန်ဆုံ ဖြစ်ပြီး ကျနော့်ရဲ့  ဘာသာပြန် ဆောင်းပါး တစ်ချို့  သူ့ ဆီ ပို့ ဖြစ်ပါတယ်။
စပယ်ဖြူ မဂ္ဂဇင်း အယ်ဒီတာ ဖြစ်နေချိန်ပါ။ ဗွေဆော်ဦး အဖြစ်" ခေတ်သစ် အရင်းရှင်စနစ် အဆင့်ဆင့် ပြောင်းလဲပုံ" ကို သုံးသပ်ပြတဲ့ စီးပွားရေး ဆောင်းပါး ဖြစ်ပါတယ်။ တရုတ်ပြည်က ပညာရှင်တစ်ဦးရဲ့  ဆောင်းပါး ဖြစ်ပါတယ်။ သူကလည်း အသုံးပြု ခဲ့ပါတယ်။ ဒုတိယ ဆောင်း ပါးကတော့ "ဆိုရှယ်လစ် စနစ် အဆင့်ဆင့် ပြောင်းလဲပုံ "ကို သုံးသပ်တဲ့ ဆောင်းပါးပါ။ ဘီဂျင်း- ရီဗျူး က ထုတ်နှုတ် ပြန်ခဲ့တာပါ။ အယ်ဒီတာက ထည့်ပေးခဲ့ ပေမယ့် စာပေစီစစ်ရေးက ဖြုတ် ပစ်လိုက်တယ်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို ဝေဖန်တာလို့  ယူဆပုံ ရပါတယ်။ ဒီလိုနဲ့  ကျနော်ဆောင်းပါး တစ်ချို့ ကို
စပယ်ဖြူ မှာ ဖော်ပြတာတွေ ရှိခဲ့သလို ပါယ်လိုက် တာလည်း ရှိခဲ့ပါတယ်။
အယ်ဒီတာ ကြိုက်ပေမယ့် စီစစ်ရေးက ဖြုတ်လိုက်တာလည်း ရှိခဲ့ပါတယ်။ (Asia Week) မှာပါခဲ့တဲ့" ကမ္ဘာ့
ငြိမ်းချမ်းရေးနဲ့  ကျောင်းသင် ပညာရေး အဆက်အစပ်" ဆောင်းပါးကို အယ်ဒီတာ ကြိုက်ပေမယ့် စီစစ်ရေးက ဖြုတ်လိုက်တာလည်း ရှိခဲ့ပါတယ်။

အတိတ်ဆီ ပြန်ကြည့်ရင်တော့ ကိုကျော်ဝင်း မူလတန်း ကျောင်းသားအရွယ်မှာ ကျနော်က လက်ဝဲ နိုင်ငံရေးသမား ဖြစ်နေပါပြီ။ ၁၉၅၈ ခုနှစ်မှာ မြန်မာ့ နိုင်ငံရေး လှိုင်းလုံးတွေ ပြင်းပြင်း ထန်ထန် ရိုက်ခတ် နေချိန် ဖြစ်ပါတယ်။ ဆိုလိုတာက သူဟာ ကျနော့်ထက် နိုင်ငံရေးဝါ အများ ကြီး ငယ်ပါတယ်။ ဘာသာပြန် စာပေတွေ ရေးသားရာမှာတော့ သူက ကျနော့်ထက် များစွာ စွမ်းရည် ထက်မြက်သူ ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ် ပတ်ဝန်းကျင် ကာလက သူနဲ့ ကျနော် ဆက်ဆံရေး ဖြစ်ပါတယ်။

၂၀၀၆-၂၀၀၇ ကာလတွေ ကြတော့ သူဟာ ရေးအား အလွန်ကောင်းတဲ့ လူငယ် လူလတ်တွေ ရဲ့  ချီးကျူး ဂုဏ်ပြုခံရတဲ့ အောင်မြင်သူ ဘာသာပြန် ဂျာနယ် လစ် တစ်ဦး ဖြစ်လာပါတယ်။ အောင်မြင်မှု ရလာတဲ့ ဂျာနယ်လစ်ကို ဂျာနယ် မဂ္ဂဇင်း အယ်ဒီတာတွေက အင်တာဗျူးတွေ လုပ်ခဲ့ကြတယ်။ သက်ဆိုင်ရာ ဂျာနယ်တွေ မှာလည်း ဖော်ပြခဲ့ကြတယ်။

အင်တာဗျူးတွေမှာ ပါတဲ့ သဘောတရား အယူအဆ တွေကို သူ့ ထက် နိုင်ငံရေး လုပ်သက် (၁၀) နှစ်ကျော် ကြီးတဲ့ ဆောင်းပါးရှင် သုံးဦးက ဝေဖန် ရေးသားခဲ့ကြတယ်။ သူတို့ သုံးဦးဟာ နိုင်ငံရေး လုပ်သက်တွေ တူညီကြသလို နရသိမ် စခန်းတွေမှာ လေးကြိမ် လေးခါ ၀င်ရောက်ခဲ့ ဖူးသူတွေလည်း ဖြစ်ကြတယ်။ တစ်ယောက်က ကိုရိုး၊ တစ်ယောက်က ကိုအောင်၊ တစ်ယောက်က ကိုဆန်း ဖြစ်ပါတယ်။ ကိုဆန်းဟာ ကိုကျော်ဝင်းရဲ့  အင်တာဗျူး စာမူများနဲ့  အထက်မှာ ဖော်ပြခဲ့တဲ့ ၀ါရင့်နိုင်ငံရေး သမားများရဲ့  ဆောင်းပါးတွေကို နောက်ထပ်နိုင်ငံရေး သမားတစ်ဦးဆီ ပေးဖတ်ခိုင်းပြီး ဝေဖန်ရေး မှတ်ချက် တောင်းခဲ့တယ်။ သူကလည်း နရသိမ် စခန်းမှာ နှစ်ပေါင်း ၂၀ ကြာကျော် နေခဲ့ဖူးသူ ဖြစ်ပါတယ်။ ဆိုကြပါစို့  သူ့ အမည်က ကိုတင် သူက ဆောင်းပါးတွေကို မှတ်ချက် ပေးပါတယ်။ ကိုအောင်ရဲ့  ဆောင်းပါးက ကိုကျော်ဝင်း လည်မြိုကို ဒုတ်တိုနဲ့ ရိုက်တာမို့  သူမကြိုက်။ ကိုရိုး ဆောင်းပါးကိုတော့ ထားဝယ် ကြိမ်နဲ့  ခတ် စပ်စပ် ရိုက်နှက် ဆုံးမတာမို့  သူကြိုက်ကြောင်း ရီကြဲကြဲနဲ့  ပြောပါတယ်။ ကိုဆန်း ဆောင်းပါး က ရွှေဖော့ရိုးနဲ့  နှိပ်နှက် ဆုံးမတာမို့  ပျော့လွန်းလို့  သူမကြိုက်လို့  ဖြေပါတယ်။

ဝါရင့် နိုင်ငံရေး သမား လေးဦး အမြင်မတူကြတာ ဘာ့ကြောင့်ပါလဲ။ ကိုကျော်ဝင်းရဲ့  အင်တာ ဗျူးတွေအပေါ် ဝေဖန်ရေးသား သူတွေ အမြင် မတူကြတာ အရင်းခံ အားဖြင့် တစ်ချက်ထဲ ရှိပါ တယ်။ ကိုရိုး၊ ကိုအောင်တို့ ရဲ့  ဆောင်းပါးတွေက ပြည်သူ့  ဒီမိုကရေစီ စနစ် ဆိုရှယ်လစ် စနစ် တွေပေါ်မှာ အခြေခံ ဝေဖန်ကြလို့  ကိုတင်က ကြိုက်နှစ်သက်တာ ဖြစ်ပါတယ်။ သူတို့ နှစ်ဦး ရဲ့  ဆောင်းပါးတွေ မဂ္ဂဇင်းတိုက်တွေဆီ ပို့ ပေးတော့ ဘယ်တိုက်ကမှ မထည့်ရဲ ကြပါ။ ကျော်ဝင်း နောက်မှာ လူငယ် လူလတ် စာဖတ်သူတွေ ရှိကြတယ်။ မဂ္ဂဇင်း အယ်ဒီတာတွေ ဟာ စာဖတ် သူအကြိုက်ကို ဆန့် ကျင်လို့  မဖြစ်နိုင်ပါ။

ကိုဆန်း ကလည်း သူ့ ဝေဖန်ရေး ဆောင်းပါးကို မဂ္ဂဇင်းတိုက် ပို့ ပေးပါတယ်။ အယ်ဒီတာ ကလည်း ထည့်ပေးတယ်။ စီစစ်ရေး ကလည်း မဖြတ်ပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ ကိုဆန်း က ဒီမိုကရက်တစ် လစ်ဘရယ် ၀ါဒ အခြေခံနဲ့  ရေးလို့ ပါ။ ပျော့ပြောင်းတဲ့ ဝေဖန်ရေး ဖြစ်ပါ တယ်။ ဝေဖန်ရေး ဆောင်းပါးတွေ အပေါ် ဒီမျှသာ ရေးလိုပါတယ်။

မြန်မာ့ နိုင်ငံရေးနဲ့  ပတ်သက်လို့  ကိုကျော်ဝင်းကို အကြံပေးလို ပါတယ်။ ခုတလော ဦးချမ်း အေး ဆောင်းပါးတွေ မီဒီယာတွေ ပေါ်မှာ ဖော်ပြလာပါတယ်။ ဘာသာပြန် ပညာရပ်နဲ့  ပတ်သက်လို့  ဦးချမ်းအေးဟာ ကိုကျော်ဝင်း ရဲ့  ဆရာတစ်ဦး ဖြစ်ပါတယ်။ ဒီကိစ္စနဲ့  ဆက်နွယ် ပြီး ဦးချမ်းအေးရဲ့  နိုင်ငံရေး ဆောင်းပါးတွေကို ကန့် ကွက်ဖို့  လိုပါတယ်။ စစ်ဗိုလ် နောက်မြီးဆွဲ အယူအဆတွေကို ဝေဖန် တိုက်ခိုက်ဖို့  လိုပါတယ်။ ဦးချမ်းအေး နောက်လိုက် လုပ်ခဲ့ရင်တော့ စာဖတ်သူတွေရဲ့  လေးစားမှု တန်ဖိုးထားမှု တွေ ကျသွားပါလိမ့်မယ်။

ဒီကနေ့  မြန်မာ့ နိုင်ငံရေးက ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ကစား ကြဖို့  လုံးဝမဟုတ်ပါ။ စစ်ဝါ ဒီတွေရဲ့  ဖွဲ့ စည်းပုံသစ်ကို ဆုတ်ဖြဲပစ် ဖို့ လိုပါတယ်။ တပ်မတော် ဆိုတာ အမျိုးသား နိုင်ငံရေး မှာ ဦးဆောင်မှု အခန်းက ပါဝင်ရမယ် ဆိုတဲ့ အာဏာရူး ဗိုလ်ချုပ်တွေရဲ့  အတွေးအမြင်ကို ပြတ်သားစွာ ဆန့် ကျင်ဖို့  လိုပါတယ်။ လူထုကြီးရဲ့  ဒီမိုကရေစီ လှုပ်ရှားမှုတွေမှာ ကြည်း၊ ရေ၊ လေ အင်အားစုတွေက ရဲရင့်စွာ ပါဝင်လှုပ်ရှားရမယ့် အချိန်ဖြစ်ပါတယ်။

ဆောင်းပါးအစမှာ ဖော်ပြခဲ့သလို ကိုကျော်ဝင်း ရဲ့  အင်တာဗျူး ဆောင်းပါးမှာ ပါရှိတဲ့ စာပိုဒ် တစ်ခုကို ဖော်ပြလို ပါတယ်။

"ကျနော့် အရင် စာရေးခဲ့သူတွေ ကျနော်နဲ့  ခေတ်ပြိုင် စာရေးနေသူတွေ အားလုံးကို ( အယူအ ဆ တူတာ မတူတာ အပထား) သင်ဆရာ မြင်ဆရာ လို့ သဘောထား ပါတယ်။ ကျနော် ရေးတာ ပြောတာတွေမှာ ဒီဆရာတွေ အတွက် ထိခိုက်စရာ များပါခဲ့ရင် ကိုယ့်ထက်ကြီးသူ အားလုံးကို ၀န်ချ တောင်းပန်ပါတယ်။ သက်တူ ရွယ်တူနဲ့  ငယ်သူ အားလုံးကို လေးလေး စားစား တောင်းပန် ပါတယ်။ ဘယ်သူနဲ့  မဆို အချစ်အခင် မပျက် လွတ်လပ်စွာ သဘောကွဲ လွဲ လိုပါတယ်။" ( အင်တာဗျူး - ၃ စာမျက်နှာ ၇၄ )

အထက်ပါ စာပိုဒ်ကို ဖတ်ရတော့ ရင်းနှီးခဲ့သူ တစ်ဦးအနေနဲ့  စိတ်ထိခိုက်မှု ဖြစ်ရပါတယ်။ ပညာမာန ထောင်လွှားမှု ကင်းတဲ့ ဂျာနယ်လစ် ကိုကျော်ဝင်းကို ချီးကျူးမိပါတယ်။

ပစ္စက္ခ မြန်မာ့ နိုင်ငံရေးမှာ ကိုကျော်ဝင်း အတွက် အရေးကြီးတာက ၀ါရင့် ကလောင်ရှင်တွေကို တောင်းပန်ဖို့  မလိုပါ။ ဘာသာပြန် ဆရာကြီး ဦးချမ်းအေးရဲ့  နိုင်ငံရေး အတွေးအခေါ် အယူအ ဆတွေရဲ့  စက်ကွင်းက လွတ်အောင် နေတတ်ဖို့  အထူးလိုပါတယ်။ စစ်ဗိုလ်နောက်လိုက် နိုင်ငံရေး အမြင်တွေကို မဆန့် ကျင်နိုင်ရင် နရသိမ် စခန်းတွေမှာ သုံးကြိမ် သုံးခါ နေခဲ့ဖူးတဲ့ ဂျာနယ်လစ် ကိုကျော်ဝင်းကို စာဖတ်သူတွေရဲ့  ကျောခိုင်းမှု ခံရမှာတော့ သေချာပါတယ်။


ကိုဖေဆန်း
၂၆. ၁၁. ၂၀၀၈

1 comment:

Anonymous said...

(ဆရာ)ကျော်ဝင်းနဲ့ဆိုင်တဲ့ အချက်ကလေးတခု ကြုံလို့ထောက်ပြပါရစေ။ (ဆရာ)ကျော်ဝင်းတင်မကဘူး တခြားဆရာတွေဘာသာပြန်တဲ့စာတွေ စာအုပ်တွေမှာ လွဲနေတာလေးတခှုရှိနေတယ်။ (အိုင်တီ)အကြောင်း ရေးကြရင် အိန္ဒိယနိုင်ငံက မြို့တခုဆိုတာမပါမဖြစ်ဘူး။ အဲဒီမြို့ကို အိန္ဒိယရဲ့ (စီလီကွန်-ဗယ်လီ) လို့တောင် တင်စားကြတာပါ။ အဲဒီမြို့ကို မူရင်းစာအုပ်တွေမှာ မှန်မှန်ကန်ကန်တွေ့ရပေမဲ့ ဗမာပြန်စာတွေမှာတော့ အမြဲလိုလို မှားနေပါတယ်။

“ဘင်္ဂလား”လို့ရေးထားတတ်တယ်။ စာစီမှားတာတော့ ဟုတ်ပုံမရဘူး။ တခါလည်းမက တနေရာလဲမဟုတ်၊ ဆရာတဦးတည်းလည်းမဖြစ်လို့ ထောက်ပြချင်တာပါ။ အမှန်က Banglore ဘင်္ဂလိုမြို့ပါ။ အိန္ဒိယတောင်ပိုင်းက (ကာနာတာကာ)ပြည်နယ်ရဲ့မြို့တော်ဖြစ်ပါတယ်။ တကယ်ပဲ (အိုင်တီ)အချက်အခြာနေရာပါ။

တကယ်လို့ ဘင်္ဂလားလို့ပြောလိုက်ရင် ဘင်္ဂလားဆိုတာ ကနေ့ နာမ၀ိသေသန တခုအဖြစ်သာရှိပါတော့တယ်။ အရင်ကတော့ ၁၉၀၅ အင်္ဂလိပ်လက်ထက်မှာ (ဘင်ဂေါလ်) နယ်ကို ဆူပူလို့ဆိုပြီး ခွဲပြစ်လိုက်မှ၊ အရှေ့(ဘင်ဂေါလ်)၊ အနောက်(ဘင်ဂေါလ်)ဆိုပြီးရှိလာတယ်။ ၁၉၄၇ လွတ်လပ်ရေးရလာတော့ အရှေ့(ဘင်ဂေါလ်)၊က ပါကစ္စတန်ထဲပါသွားတယ်။ ၁၉၇၁ကျမှ အရှေ့(ဘင်ဂေါလ်)ဟာ (ဘင်္ဂလားဒက်ရှ်) ဆိုပြီး ပေါ်ပေါက်လာပါတယ်။

ကနေ့ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တခုကို အနောက်(ဘင်ဂေါလ်) လို့ခေါ်နေတုံးပါ။ (ကာလတက္တား) သို့မဟုတ် (ကိုလ်တက္တား)က ပြည်နယ်မြို့တော်ပါ။ ဒါ့ကြောင့် (ဘင်္ဂလား)နဲ့(ဘန်ဂလို)ကို ကွဲကွဲပြားပြား သိစေ-ရေးစေ ချင်ပါတယ်။

တင့်ဆွေ