Sunday, November 16, 2008

ကုလသမဂ္ဂနဲ့ မြန်မာ့နိုင်ငံရေး ဘယ်လိုအဖြေရှာကြမလဲ

ကုလသမဂ္ဂအဖွဲ့ ကြီးဟာ နိုင်ငံတကာ အရေးကိစ္စတွေကို ဖြေရှင်းပေးနေရတဲ့ အဖွဲ့ ကြီးဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ် ဆိုရှယ်လစ်အုပ်စု ပြိုကွဲသွားပြီး စစ်အေး တိုက်ပွဲ ပြီးဆုံးသွားခဲ့ပါတယ်။ ကမ္ဘာ့ပြည်သူတွေက ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး
ဖွံ့ ဖြိုးတိုးတက်ရေးတို့ ကို လိုလားနေကြပါတယ်။ (၂၀)ရာစုကတည်းက ဖြစ် ပေါ်နေတဲ့ အစ္စလာမ် အကြမ်းဖက်ဝါဒဟာ
(၂၁) ရာစုထဲဝင်ရောက်လာ ကတည်းက ပိုမိုဆိုးဝါးတဲ့ နိုင်ငံတကာ လူသတ်ပွဲတွေ တိုးတက်လုပ်ဆောင် လာခဲ့ပါတယ်။

ကုလသမဂ္ဂကြီးဟာ အကြမ်းဖက်ဝါဒရဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အာဖဂန်ပြဿနာ၊ အီရတ်ပြဿနာတို့ က
ရှေ့ တန်းရောက်လာခဲ့ပါတယ်။ ယ နေ့ တိုင် ဖြေရှင်းနိုင်စွမ်းမရှိ ဖြစ်နေပါတယ်။

မြန်မာနိုင်ငံဒီမိုကရေစီဖော်ဆောင်ရေးဟာလဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ခေါင်းပေါ် ကျရောက်နေပါတယ်။ ကိုယ်စားလှယ်မျိုးစုံစေလွှတ်ပြီး စစ်အစိုးရနဲ့  ဒီမိုကရေစီအင်အားစုတွေအကြား စေ့စပ်ပေးရာမှာ နှစ်ပေါင်းများစွာ
ကြာညောင်းခဲ့ပေမယ့် ဘာတစ်ခုမှ အကြောင်းမထူးခဲ့ပါ။

ဒီနှစ်အတွင်းမှာ ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေက စစ်အစိုးရရဲ့  ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဖယ်ရှားပစ်ဖို့ ကြိုးစားနေပါတယ်။ (Credential Challenge)။ ဒီအရေးနဲ့ ပတ်သက်ဆက်စပ်နေတဲ့ ဒီမိုကရေစီ အင်အားစု
အတွင်း အဖွဲ့ အစည်း (၃) မျိုးရှိပါတယ်။
(၁) ပြည်ပရောက် စင်ပြိုင်အစိုးရ (၀ါ) အမျိုးသားညွန့် ပေါင်းအစိုးရ (NCGUB)
(၂) ပြည်ပရောက် ရွေးချယ်ခံ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ သမဂ္ဂ (MPU)
(၃) မဲဆောက်အခြေစိုက် မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB)
(NCUB)ဟာ အမျိုးသားဖွဲ့ စည်းပေါင်းစုံပါဝင်တဲ့ တပ်ပေါင်းစု ဖြစ်ပါတယ်။
ကုလသမဂ္ဂထိုင်ခုံပေါ်မှ မြန်မာသံအမတ်ကြီးကို ဆွဲချဖို့ ကြိုးစားရာမှာ အထက် ဖော်ပြခဲ့တဲ့ အဖွဲ့ (၃) မျိုးအနက် အမျိုးသားညွန့် ပေါင်းအစိုးရ အဖွဲ့ ဝင်တွေက သဘောမတူကြပါ။ သူတို့ ရဲ့ အကြောင်းပြချက်က အမျိုသားဒီမိုကရေစီ
အဖွဲ့  ချုပ်နဲ့ စစ်အစိုးရတို့ အကြား စားပွဲဝိုင်းဆွေးနွေးပွဲတွေကို ထိခိုက်ပျက်ပြားနိုင် တယ် လို့ ဆိုပါတယ်။ ဒီအကြောင်းပြချက်ဟာ မြန်မာပြည်သူတွေရဲ့ စိတ်ဆန္ဒ နဲ့ လုံးဝဆန့် ကျင်နေပါတယ်။ စစ်ကောင်စီရဲ့ နိုင်ငံတကာဆက်ဆံရေးတွေကို
ဖြိုချဖျက်ဆီးပစ်ရမယ်လို့ ပြည်သူလူထုက ယူဆထားပါတယ်။ ဒါကြောင့်မို့  ညွန့် ပေါင်း အစိုးရရဲ့ သဘောထားဟာ
ပြည်သူတွေရဲ့ ဆန္ဒကို လုံးဝဆန့် ကျင် ကျောခိုင်းရာရောက်နေပါတယ်။
နိုင်ငံတကာအဖွဲ့ ချုပ်ကြီးအနေနဲ့  နိုင်ငံတစ်ခုချင်းအလိုက် ဆက်ဆံရာမှာ ပုံစံ (၃)မျိုးရှိနိုင်ပါတယ်။
(၁) အာဏာသိမ်းစစ်အစိုးရတွေကို အသိအမှတ်ပြုပြီး ကုလသမဂ္ဂလက် အောက်ခံအဖွဲ့ များရဲ့ ကိုယ်စားလှယ်တွေကို စေလွှတ်ပြီး ဆွေးနွေးဖြေရှင်း တာမျိုး ရှိပါတယ်။ လူ့ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ၊ ကလေး များရံပုံငွေအဖွဲ့ ၊
ကြက်ခြေနီအဖွဲ့ စတဲ့ အဖွဲ့ တွေရဲ့ ကိုယ်စားလှယ်တွေစေလွှတ် ပြီး ဖြေရှင်းတာမျိုးရှိပါတယ်။ သူတို့ ဟာ အထွေထွေညီလာခံကြီးရဲ့  ဆုံးဖြတ် ချက်တွေ၊ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ကြ ရပါတယ်။
(၂) အာဏာရှင်အစိုးရတွေကို အသိအမှတ်မပြုပဲ သံအမတ်တွေကို နေရာမ ပေး ဖယ်ချတာမျိုးလဲရှိပါတယ်။
(၃) လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့  တွေစေလွှတ်ပြီး သက်ဆိုင်ရာနိုင်ငံအတွင်း တည်ငြိမ်ရေး ၊ ငြိမ်းချမ်းရေးတို့ ကို ၀င်ရောက် ဆောင်ရွက်ရတာမျိုးလည်း ရှိပါတယ်။
(အီရတ်- ကူဝိတ်စစ်ပွဲ၊ လောလောဆယ်မှာ အာဖဂန်နိုင်ငံစစ်ပွဲ တို့ ဖြစ်ကြတယ်။)
မြန်မာနိုင်ငံအရေးမှာလည်း (၁၉၉၀) ခုနှစ်ရွေးကောက်ပွဲအပြီး လွှတ်တော်ခေါ် မပေးပဲ လူထုရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်အမတ်တွေကို ထောင်သွင်းအကျဉ်းချခြင်း၊
တောတောင်တွေဆီမောင်းထုတ်လိုက်ခြင်း ပြုလုပ် ချိန်ကတည်းက ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ တွေ စေလွှတ်ပြီး
မြန်မာနိုင်ငံ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးတို့ ကို ၀င်ရောက်ဆောင်ရွက်သင့်ပါတယ်။
စစ်အာဏာရှင်စနစ်ကြီးစိုးခဲ့တာ နှစ်ပေါင်း(၂၀) ကြာပြီးမှ စစ်အစိုးရကိုယ်စား လှယ် ကုလသမဂ္ဂသံအမတ်ကြီးကို
ထိုင်ခုံပေါ်က ဆွဲချဖို့ ကြိုးစားတာဟာ အချိန် အခါအားဖြင့် အလွန်နောက်ကျနေတယ်လို့ ပြောနိုင်ပါတယ်။ (Credential Challenge) ။ ညွန့် ပေါင်းအစိုးရက ဒီအဆိုပြုချက်ကို ငြင်းဆန် နေတာဟာ မြန်မာ့နိုင်ငံရေးမှာ အလွန်အကျည်းတန်လှပါတယ်။
အကယ်၍ ဒီအဆိုအောင်မြင်ခဲ့ရင် နိုင်ငံတကာ သံတမန်ဆက်ဆံရေးမှာ စစ်အ စိုးရအထိနာနိုင်ပါတယ်။ တရုတ် ၊ အိန္ဒိယ ၊ရုရှား တို့ နဲ့ ဆက်ဆံရေးသွေးအေး သွားနိုင်သလို အေစီယန် (Asian) နိုင်ငံတွေအတွင်းမှာ ဆက်ဆံရေးတွေ ပဋိပက္ခဖြစ်လာနိုင်ပါတယ်။
ဗိုလ်ချုပ်သန်းရွှေ အမိန့် နာခံနေရတဲ့ လက် အောက်ခံ ဗိုလ်ချုပ်တွေအကြားမှာ ငြင်းခုံဆွေးနွေးမှုတွေပေါ်ပေါက်လာနိုင်ပါ တယ်။ မြန်မာသံအမတ်ကြီးကို ကုလသမဂ္ဂမှ ထုတ်ပါယ်လိုက်ရင် မြန်မာပြည် သူတွေ ရွှင်လန်းအားတက်စေမှာဖြစ်ပါတယ်။
သူတို့ ရဲ့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးတိုက်ပွဲကို အရှိန်မြှင့် ဆောင်ရွက်ကြမှာဖြစ်တယ်။
စစ်ဝါဒီတွေဟာ အလွန်တရာခေါင်းမာသူတွေဖြစ်ကြတယ်။ ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုတွေဟာ အရင်းအနှီးတွေပေးဆပ်ပြီး အောင်ပွဲရသည်အ ထိ ဆက်လက်ကြိုးပမ်းရမှာဖြစ်ပါတယ်။ ။

စိန်ကျော်ဝင်း

2 comments:

Anonymous said...

အပြင်ရောက် လွှတ်တော်ကိုယ်စားလှယ်တွေအကြောင်း ဝေဖန်ကြတာကို ကြိုဆိုပါတယ်။ ကျွန်တော်က တင့်ဆွေ၊ ပုလဲ(၂)ကဖြစ်ပါတယ်။ ဒေလီမှာ NCGUB တာဝန်ယူနေရတာပါ။ ဝေဖန်ချက်တွေကို စာရင်းချုပ်ရင် အကြောင်းအရာ သုံးမျိုးရပါတယ်။

၁။ ကုလမှာ ကုလားထိုင်နေရာ(ချဲလင့်)လုပ်တာက နိုင်ငံရေးပေါ်လစီကိစ္စဖြစ်လို့ လေးလေးနက်နက် သိဘို့-ဆွေးနွေးဘို့ လိုပါတယ်။ မီဒီယာမှာပြောရတာမျိုးနဲ့ ဘလော့ခ်မှာရေးရတာမျိုး မတူနိုင်သလို တချို့အပိုင်းကို အတွင်းကြိတ်ဆွေးနွေးဘို့ လိုပါသေးတယ်။
၂။ စဉ်ပြိုင်အစိုးရအကြောင်းကလည်း ကျွန်တော်တို့ အခါအားလျော်စွာ ပြန်လည်ရှင်းလင်းရေးသား။ ပြောဆိုမှုတွေလုပ်နေ တာပါ။ အခုလိုအချိန်အထိ တချို့နောက်ခံအကြောင်းအရာတွေကို အကုန်အစဉ်ထုတ်ရေးဘို့၊ ပြောဘို့မသင့်သေးတာတွေ ရှိနေဆဲပါ။
၃။ နောက် အစိုးရအဖွဲ့နဲ့ ကိုယ်စားလှယ်တွေအဖွဲ့အကြားအရေးအရာတွေကလည်း အချင်းချင်းကြား အခွင့်သင့်တိုင်း ညှိနေကြလို့ အရင့်အရင်ကထက် ပိုပြီးတိုးတက်လာနေတာဖြစ်ပါတယ်။ အခွင့်သင့်တိုင်းဆိုတာ လေးနှစ်တခါတော့ မဟုတ်ပါဘူး။

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တဦးမှ NCGUB သို့ တိုက်ရိုက်ပေးစာ http://maharmay.blogspot.com/ မှာ ဖတ်ရပါ တယ်။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တဦးမှ ဤစာကို NCGUB သို့ ကနေ့ (၁၆-၁၁-၀ဂ) တိုက်ရိုက်ပေးပို့ခဲ့ပါသည်ဟု ပါရှိပါသည်။ ကျွန်တော်တော့ ၂၂-၁၁-၀၈ နေ့ အိန္ဒိယစံတော်ချိန် ညနေ ၇ နာရီခွဲလောက်မှာ ကံအားလျော်စွာ ဖေါ်ပြပါ (ဘလော့ခ်)မှာဖတ်ရပါတယ်။ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ဝင်တွေရဲ့အကြောင်းပြချက်က အမျိုသားဒီမိုကရေစီအဖွဲ့  ချုပ်နဲ့ စစ်အစိုးရတို့ အကြား စားပွဲဝိုင်းဆွေးနွေးပွဲတွေကို ထိခိုက်ပျက် ပြားနိုင်တယ်လို့ ဆိုပါတယ်လို့ ပါတဲ့အချက်ဟာ MPU အမြဲတန်းကော်မတီထံ ၃၀-၁၀-၀၈ နေ့ကပြန်ကြားခဲ့တဲ့ NCGUB ရဲ့တရားဝင် အကြောင်းပြချက်တွေနဲ့ အတော်ကြီးကွဲလွဲ နေပါတယ်။ ၃-၁၁-၀၈ နေ့မှာ MPU ကနေ NCGUB ကိုပေးတဲ့ ပြန်စာမှာပါတာတွေနဲ့လည်း ကွဲလွဲနေပြန်ပါသေးတယ်။

(စီစီ)ကိစ္စလို့အတိုခေါ်တဲ့ ကုလမှာ ကုလားထိုင်နေရာ(ချဲလင့်)လုပ်တာတဲ့အရေးမျိုးက လူရွေးပြောရမှာတို့နဲ့ တံခါးပိတ် ပြောရတာမျိုးတို့လဲ ရှိနေပါတယ်။ ကိုယ်စားလှယ်တွေအကြား လွန်ခဲ့တဲ့ ရက်အနည်းငယ်က သည်းသန့် ဆွေးနွေးခဲ့ကြပါတယ်။ နားလည်မှုတွေ တိုးတက်ရရှိခဲ့ပါတယ်။ ကိုယ်စားလှယ်တွေအကြား မဆွေးနွေးမီ၊ တပ်ပေါင်းစုတွေအကြားမှာလဲ ကျကျနနနည်းပါး ဆွေးနွေးခဲ့ကြပါသေးတယ်။ နောက်ထပ်လဲ အလုပ်ရုံဆွေးနွေးပွဲ လုပ်ဘို့ အဆိုပြုထားပါတယ်။ (စီစီ) ကိစ္စကပညာပိုင်းရော၊ နိုင်ငံရေးပိုင်းပါနှစ်မျိုးလုံးစုပြီး၊ အပြန်အလှန်ပြောဘို့လိုတာပါ။ ပညာပိုင်းဆိုတာကလုပ်ထုံးလုပ်နည်း၊ အလားအလာ၊ သမိုင်းကြောင်း၊ ဥပဒေကြောင်းတွေပါ ပါတယ်။ နိုင်ငံရေးစဉ်းစားချက်ပိုင်းဆိုတာက ကောင်းကျိုး-ဆိုးပြစ်၊ တစုံလုံးသောအရေးကြီးနဲ့ (ကင့်ပိန်း)၊ တာဝန်ခံဆောင်ရွက်မည့်သူ စတာတွေ အနည်းဆုံးပါမှာပါ။ အခုချိန်အထိ အမြင်တွေ ထပ်တူမကျသေးပေမဲ့ နီးစပ်မှုတွေရှိလာနေပါပြီ။ မတူတဲ့အယူအဆတိုင်းမှာ အားကောင်းတဲ့ငြင်းဆိုချက်တွေ ကိုယ်စီနဲ့ပါ။ တေ့တေ့ဆိုင်ဆိုင်၊ လေးလေးနက်နက် အတူထိုင် ဆွေးနွေးကြတဲ့အခါ (အီမိုးရှင်း)တွေ၊ (ဖရပ်စထွေးရှင်း)တွေကနေ တင်ပြချက်များထက် နိုင်ငံရေးအမြင်ဘက်ကို အနိုင်ပေးကြရပါတယ်။ ဆေးခါးကြီးမျိုတာမျိုးလဲ မျိုနိုင်ကြတာကို တွေ့ရပါတယ်။

လုပ်သင့်တယ်ဆိုတဲ့ဘက်တဘက်ကနေ အထောက်အထား၊ အကိုးအကား၊ အလားအလာတွေကို သက်ဆိုင်သူတွေဆီ မျှဝေ ချဉ်းကပ်မှုတွေလုပ်ပါတယ်။ လုပ်ထုံးအရ တာဝန်ခံလုပ်ရမဲ့သူအနေနဲ့ကလည်း တာဝန်မခံနိုင်ရတဲ့ အကြောင်းတရား တွေကို စာနဲ့ပေနဲ့၊ ပေးသင့်သူများထံ တလေးတစား ရေးသားပေးပို့ ပြန်ကြားထားတာတွေရှိထားပါတယ်။ တချိန်တည်းမှာ အနေအထားတွေကို စိုးရိမ်လွန်းလို့ အပြုသဘောဆောင်တဲ့ အကြံပေးမှုတွေ၊ ကြားဝင်တာတွေကလဲ လေးစားဘို့ကောင်းပါတယ်။ အပြုသဘောဆောင်တာရဲ့အကျိုးက အပေါင်းလက္ခဏာရစေပါတယ်။

ဒီအချက်တွေက ထုတ်နုတ်တာတွေသာဖြစ်ပြီး အကုန်အစဉ်မဟုတ်ပါဘူး။ ဆိုချင်တာက မပြည့်မစုံသိရ၊ ကြားရတာလေးတွေနဲ့တော့ အမှန်ကို ကောက်ချက်ဆွဲမရနိုင်ဘူးဆိုတာဖြစ်ပါတယ်။

ကျွန်တော်တခါက (ဘားမား-ဒိုင်ဂျက်စ်)မှာ စဉ်ပြိုင်အစိုးရကိစ္စကို ရေးသားခဲ့တာရှိပါတယ်။ အကြောင်းအရာဟောင်းကို ဒီစာထဲမှာ ပြန်မရေးလိုပါ။ ပြန်ရှာချင်ရင် ရှာဘို့မလိုအောင် အခုစာရဲ့အောက်မှာ ဆက်ဖေါ်ပြပါရစေ။

တချို့လဲထင်နိုင်ပါတယ်။ ၀န်ကြီးချုပ်တာဝန်ကို တဦးတည်းကဆက်တိုက်ဖြစ်နေရတာတို့၊ ကိုယ်စားလှယ်တွေရဲ့အဖွဲ့မှာ အခြေခံအဆောက်အဦမပြည့်စုံတာတို့ အရင်းအမြစ်စီမံခန့်ခွဲမှုမပြည့်စုံတာတို့ အပြင်ကနေမြင်တာနဲ့ ကာယကံရှင်တွေက အမှန်ဖြစ်ချင်တာတွေက မတူတာတွေအများကြီးရှိတာကိုမှတ်သားမိပါတယ်။ အချင်းချင်းကတော့ ပွင့်ပွင့်လင်းလင်းပြောဆို ညှိနှိုင်းနေပါတယ်ဆိုတာ အသိပေးချင်ပါတယ်။ ဝေဖန်တာနဲ့အချိန်တည်းမှာပိုကောင်းမဲ့နည်းလမ်းတွေ၊ အကြံပြုချက်တွေပါပါရင် အကျိုးများစေမှာ အမှန်ပါ။

ကိုယ်စားလှယ်အားလုံးဟာ ဘ၀ပေးအေခြအနေတွေ ဘယ်လိုရှိရှိ၊ နိုင်ငံရေးအဆုံးအဖြတ်ကို လူထုကိုယ်စား ပေးရချိန်မှာတော့ ညီညွတ်ရေးကို အဓိကရှေးရှုကြတယ်၊ ပေါ်လစီနဲ့မလွဲအောင်ရပ်တည်ကြတယ်၊ တစုံးလုံးသောလှုတ်ရှားမှုကြီးရဲ့ အကျိုးစီးပွါးကို ကြည့်ကြတယ်ဆိုတာကို အာမခံနိုင်ပါကြောင်းနှင့် တိုင်းပြည်နဲ့ လူထုအကျိုးကို ဆောင်ကျဉ်းနိုင်မယ်ဆိုရင် ဘယ်ကိုယ်စားလှယ်ကမှ မိမိနေရာ-တာဝန်တွေ မမက်ကြပါ ခင်ဗျား။

လေးစားစွာဖြင့်

တင့်ဆွေ

Anonymous said...

လတ်တလောနိုင်ငံရေးအခြေအနေသုံးသပ်ချက်နှင့် စဉ်ပြိုင်အစိုးရ
(၂၀၀၈ နှစ်ဆန်းစက Burma Digest တွင်ရေးခဲ့သည့်စာ)

စွယ်စုံကျမ်းများတွင် အဝေးရောက်အစိုးရပေါင်း တဒါဇင်အမည်များ ဖေါ်ပြထားရာ သက်တမ်း ၁၇နှစ်ရှိသည့် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ(အင်စီဂျီယူဘီ)လည်း ပါဝင်သည်။ အစိုးရတရပ်၏ ပင်မတာဝန် များဖြစ်သော အခြေခံလူမှုဘ၀လုံခြုံရေးနှင့် ယာယာရေးတို့ကို စဉ်ပြိုင်အစိုးရတရပ်အဖို့ ဖြည့်ဆီးနိုင်စွမ်း မရှိတတ်ပါ။ သို့တစေ စဉ်ပြိုင်အစိုးရ ဖွဲ့ခြင်းမှာ အုပ်စိုးနေသူများအား အထိနာစေသည့်နည်းလမ်း (ချဲလင့်) တရပ်ဖြစ်ပေသည်။ ယင်းကြောင့်ပင် (အင်စီဂျီယူဘီ)သည် ၁၈-၁၂-၉၀ နေ့၌ ဖွဲ့စီးဖြစ်ပေါ်လာခဲ့ရခြင်းဖြစ်ပါသည်။

နှစ်ကြာလာသည်နှင့်အမျှ လေ့လာသုံးသပ်သူအများက (အင်စီဂျီယူဘီ)အဘယ့်ကြောင့်နှင့် အဘယ်ကဲ့သို့ ဖြစ်ပေါ်လာသည်တို့၏ ဆီလျော်မှန်ကန်မှုအား မေ့ပျောက်လာကြသည်ကို တွေ့ရပါသည်။ သမိုင်းဟူသည် နိုင်ငံရေး လုပ်ကြသူများအတွက် မသိမဖြစ်ပါချေ။ (၁၉၉၀) ခုနှစ် ရွေးကောက်ပွဲတွင် အရွေးချယ် ခံကြသူများအနေနှင့် ထိုစဉ်က အုပ်စိုးနေသော (န၀တ)အား စဉ်ပြိုင်အစိုးရတရပ် ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ရခြင်း၏ အဓိက အကြောင်းတရားကြီး အနည်းဆုံး (၃)ရပ် ရှိခဲ့ပါသည်။

ပဌမအချက်မှာ နိုင်ငံရေးလိုအပ်ချက်ဖြစ်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်နယ်လ်ဒီ)၏ ဂန္ဒီခန်းမအစည်း အဝေး မတိုင်မီနေ့က (န၀တ)မှ ကြေညာချက် ၁/၉၀ကို ထုတ်ပြန်၍ လွှတ်တော်ခေါ်ခြင်းကိုသော်၎င်း၊ အစိုးရဖွဲ့ခြင်း ကိုသော်၎င်း၊ တားမြစ်လိုက်ပါသည်။ ထိပ်ပိုင်းခေါင်းဆောင်များအား အကျယ်ချုပ်ထားခံနေရသည့် (အင်နယ်လ်ဒီ) အဖို့ အစိုးရ မဖွဲ့နိုင်ပါချေ။ သို့ရာတွင် လူထုဖိအားမှာ အမတ်များအပေါ် ကြီးမားစွာ သက်ရောက်လာနေပါသည်။ မဲဆန္ဒရှင်များ၊ ကျောင်းသားများနှင့် ရဟန်းသံဃာတော်များအား ကျေနပ်စေရန်မှာ (န၀တ)မလုပ်စေချင်သည်အား လုပ်ရန်သာရှိပါတော့သည်။ ကျွန်တော်တို့ ထိုအတိုင်း လုပ်ခဲ့ကြပါသည်။ အလားတူ ပေးဆပ်မှုလည်း ကြီးမားလှပါသည်။ အထဲတွင် အမတ်များစွာ ထောင် (၂၅) နှစ်စီ အသီးသီးချခံရသကဲ့သို့ အပြင်တွင်လည်း (၂)ဦး သတ်ဖြတ်ခြင်း ခံကြရပါသည်။ ထို့ကြောင့် (အင်စီဂျီယူဘီ)သည် အချို့ ပြောနေသလို ‘ကိုယ့်ဖါသာကိုယ်ဖွဲ့လိုက်သည့် (လော်ဘီ) အုပ်စုလေး’ မဟုတ်မူပဲ။ ‘ကိုယ့်ဖါသာ အနာခံဖွဲ့ထားသည့်အစိုးရ’ တရပ်ဖြစ်ပါသည်။

ဒုတိယအချက်မှာ အဆုံးအဖြတ်ကို (အင်နယ်လ်ဒီ)အမတ်များကလုပ်ပြီး ကိုယ်စားလွှဲအခွင့်အာဏာ(မင်းဒိတ်)ကိုမူ အမတ်များ၏ လှို့ဝှက် အစည်းအဝေးများက ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ (အင်နယ်လ်ဒီ) မဟုတ်သည့် နိုင်ငံရေးပါတီ များကိုလည်း တိုင်ပင်ညှိနှိုင်းရာ ကျွန်တော်တို့၏ ရဲရင့်သောဆုံးဖြတ်မှုအား ထောက်ခံ-အားပေးခဲ့ကြပါသည်။

တတိယအမှန်တရားမှာ ထိုစဉ်က ထိုင်း-မြန်မာနယ်စပ်ရှိ လွတ်မြောက်နယ်မြေ ဧရိယာစတုရန်းမိုင်အချို့အား ပိုင်ဆိုင် ထားသည့် တိုင်းရင်းသားနှင့် ဒီမိုကရေစီအင်အားစုများက သဘောတူ-ထောက်ခံချက်များ ပေးအပ်ခဲ့ကြခြင်း ဖြစ်ပါသည်။ (မာနယ်ပလော) ကျတော့မှသာ (အင်စီဂျီယူဘီ)သည် အဝေးရောက်အစိုးရ ဖြစ်လာရခြင်းဖြစ်ပါသည်။ ယင်း အချက်ကြီး (၃)ချက်မှာ ၂၀၀၈ နှစ်ဆန်းအထိ မှန်ကန်နေဆဲဖြစ်ပါသည်။

စဉ်းစားဆွေးနွေးမှုအသစ်များ
၂၀၀၇ခုနှစ် စက်တင်္ဘာအရေးအခင်းကြီးအပြီး အာဏာလက်မလွှတ်တန်း ဆုပ်ကိုင်ထားနေသော စစ်အုပ်စုအား ရင်ဆိုင် အန်တုရန် နည်းလမ်းသစ်များရှာဖွေခြင်းမှာ မှန်ကန်သင့်မြတ်လှပါသည်။ အမျိုးသားညီညွတ်ရေး အစိုးရ သို့မဟုတ် အလားတူသောအစိုးရဖွဲ့ရေး စဉ်းစားဆွေးနွေးမှုများရှိလာပါသည်။ စနစ်တကျ လေ့လာမှုလည်း လုပ်ကြပါသည်။ ပြည်ပရောက်များဖြစ်နေ၍ ဆွေးနွေးမှုများမှာ ၁၉၉၀ ခုနှစ်ကကဲ့သို့ လှို့ဝှက်မဟုတ်တော့ပါ။ နိုင်ငံကောင်း စားရေးအတွက် ပိုမိုကောင်းမည့် နည်းနာများရှာခြင်းတို့ကို (အင်စီဂျီယူဘီ)က ကြိုဆိုပါသည်။ အရေးကြီးသည့် မေးခွန်းတရပ်မှာ ဤသို့သောအခြေအနေတွင် မည်သူများက အစိုးရဖွဲ့ရန် ဆုံးဖြတ်သင့်သနည်း၊ ၁၉၉၀ က အဆုံး အဖြတ်ကို ကျွန်ုပ်တို့ (အင်နယ်လ်ဒီ) အမတ်များက တိုင်ပင်၍ရမည့် ဗဟို-တိုင်း-ပြည်နယ် ပါတီစည်းရုံးရေးမှူးများနှင့် တိုင်ပင်၍ ချခဲ့ကြခြင်းဖြစ်ပါသည်။

ယနေ့အခြေအနေမှာ အားလုံးပါဝင်နိုင်သည့် ဆွေးနွေးမှုမျိုး မဖြစ်နိုင်ပါ။ မည်သို့ဆိုစေ အရေးတကြီးစဉ်းစား ဆုံးဖြတ်ရမည့် အဆိုပြုချက်ကို ပြည်တွင်း-ပြည်ပက အများသဘောတူမှုမျိုး (ကွန်ဆင်းဆပ်)ဖြစ်အပ်ပါသည်။ သို့သော် ဘယ်သောအခါမှ မရတတ်သည့် ရာနှုန်းပြည့် သဘောတူညီမှုမျိုးကို မဆိုလိုပါ။ အလားတူ ဆုံးဖြတ်ချက်အမှားများ ရှိတတ်သော မဲများရာ ဆုံးဖြတ်ခြင်းမျိုးကိုလည်း မဆိုလိုပါ။ ဒီမိုကရေစီ၏ အားနည်းချက်ဖြစ်ပါသည်။ သို့တစေ (ထရန်စ်ပဲရင့်စီ)ပွင့်ပွင့်-ရှင်းရှင်း ဆောင်ရွက်ရန် လိုအပ်ပါသည်။

လက်တွေ့တွင် အစိုးရတရပ်အဖို့ ထောက်ခံမည့်နိုင်ငံတခုခု လိုအပ်ပါသေးသည်။ ဥပမာ ဘုန်းတော်ကြီး ဒလိုင်လားမား၏ တိဘက် ဗဟိုအုပ်ချုပ်ရေးအဖွဲ့ (စီတီအေ)အတွက် အိန္ဒိယနိုင်ငံ ရှိသကဲ့သို့၊ ကျွန်ုပ်တို့မှာ ထိုသို့ရှိပြီလား၊ နာဂဒေသ အားလုံးသို့ပင် အရောက်သွားရန် လွန်စွာ ခက်ခဲလှသည့် စာရမေရိတောင်ထိပ်အနီးရှိ (အင်အက်စီအင်န်-ကေ)၏ အစိုးရ ဌာနချုပ်ထက် နေရာကောင်းဘို့ ကျွန်ုပ်တို့လိုအပ်ပါမည်။

(အင်နယ်လ်ဒီ)ပါတီဝင်များမှာ အခြားပုဂ္ဂိုလ်များလောက် အုပ်ချုပ်ရေး-ဥပဒေပြုရေးကိစ္စများဆောင်ရွက်ရန် လွတ်လပ်မှု မရှိပါချေ၊ ရွေးကောက်ပွဲဝင်စဉ်က ရွေးကောက်ပွဲကြေညာစာတမ်းရှိပါသည်။ အကြမ်းမဖက်ခြင်းမှာ (အင်နယ်လ်ဒီ)၏ မူဖြစ်ပါသည်။ ၂၀၀၇အတွင်းက အကြမ်းဖက်၊ မတရားဖြိုခွဲခံရအပြီး၊ အခဲမကျေဖြစ်ကြကာ အချို့မှာ ပိုမိုပြင်းထံသော နည်းလမ်းများကို အားပြုချင်လာကြပါသည်။ မှတ်သားရန်မှာ ဂန္ဒီသည် (ဆူးဘတ်-ချန္ဒရာဘို့ရှ်)၏ အိန္ဒိယအမျိုးသား တပ်မတော် (အိုင်အင်န်အေ)၏ ဖခင်ကြီးလည်းမဟုတ်။ တပ်သားလည်း မဟုတ်ခဲ့ပါချေ။

အကယ်၍ အစိုးရတွင် ပါသင့်ပါထိုက်သောဝန်ကြီးဌာနအားလုံး ထည့်၍ဖွဲ့သည်ဆိုပါက လက်ရှိထောက်ကူနေသည့် နိုင်ငံတကာအဖွဲ့အစည်းအချို့က ဆက်လက်ကူညီရန်ဖြစ်နိုင်မည်မဟုတ်ပါ။ ဤနေရာတွင် (အင်ဂျီအို)နှင့် နိုင်ငံတကာ ထောက်ကူငွေကြောင့် ကျွန်ုပ်တို့၏ အရေးကြီးသောနိုင်ငံရေးအဆုံးအဖြတ်များမချရတော့ဟု မဆိုလိုပါ။ ဤလမ်းက မရလျင် အခြားနည်းလမ်းကို ရှာထားရန်လိုအပ်ပါသည်။ တိဗက်ဗဟိုအုပ်ချုပ်ရေးဌာနများက တဗက်လူမျိုးများထံက အခွန်ငွေ စနစ်တကျ ကောက်ခံရယူပါသည်။ ပြည်ပရောက်နေကြကုန်သော မြန်မာနိုင်ငံသားအားလုံးမဟုတ်စေကာမူ အများစုက လှုပ်ရှားမှုကြီးအတွက်ဖြစ်စေ အစိုးရအတွက်ဖြစ်စေ ကူညီနိုင်ကြပါမည်လော။

နိုင်ငံရေးစဉ်းစားချက်
၉-၁၁-၀၇ နေ့ကထုတ်ပြန်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အရေးပါသည့် ကြေညာချက်တွင် ဒီမိုကရေစီ သွေးစည်းရေးနှင့် အမျိုးသားညီညွတ်ရေးကို ဖေါ်ပြထားပါသည်။ ဤသည်မှာ ၂၀၀၈ မှစ၍ လုပ်ဆောင်ရမည့် လမ်းညွှန်ချက်ပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စဉ်းစားချက်။ လုပ်ဆောင်မျက် မှန်သမျှမှာ သူမ၏ညွှန်ကြားချက်အတိုင်း ဖြစ်ရပါလိမ့်မည်။ ယင်းတာဝန်ကြီးများ မဆောင်ရွက်နိုင်မီ အနည်းဆုံးအားဖြင့် ရရှိထားသော နားလည်မှု။ သွေးစည်းမှု နှင့် ညီညွတ်ရေးတို့အား မထိခိုက်စေသင့်ပါ။

နအဖ အား ဖိအားပိုမိုပေးရန်လိုအပ်သည်မှာ လုံးဝမှန်ကန်ပါသည်၊ သို့ရာတွင် (ဂျန်ဘို-ကက်ဘိနက်) ၀န်ကြီးတွေ အများကြီးဖြင့်အစိုးရဖွဲ့လိုက်၍ နအဖ အားပို၍အထိနာစေမည်ဆိုသည်ကို လက်ခံရန်ခက်ပါသည်။ သူ့မိတ်ဆွေဆိုသူများပင်လျင် နအဖသည် တိုင်းပြည်ကို ကောင်းအောင် မလုပ်နိုင်။ စီးပွါးရေးကိုလည်း ကောင်းမွန်စွာ မစီမံ-မခန့်ခွဲ တတ်ကြောင်း သိနေကြပါပြီ။ ကျွန်ုပ်တို့အဖို့ နေပြည်တော် မရောက်မချင်း နအဖ ထက်သာကြောင်း၊ တော်ကြောင်း၊ ပြသနိုင်ကြသေးမည် မဟုတ်ပါ။

လွန်ခဲ့သော (၁၉)နှစ်အတွင်း နအဖ ဘာတွေလုပ်ခဲ့သည်၊ ဘာတွေအောင်မြင်ခဲ့သည်။ ဘာတွေ မအောင်မြင် ဆိုသည် အား ဆန်းစစ်ရပါမည်။ ၄င်းတို့ အာဏာသိမ်းစဉ်က လူထုအားနှစ်သိမ့်၍ စစ်တပ်အာဏာသိမ်းမှုအား အကြောင်းပြရန်၊ ပါတီစုံဒီမိုကရေစီလုပ်မည်၊ ရွေးကောက်ပွဲကျင်းပမည်ဟု ပဌမဆုံးသော ကြေညာချက်တွင် ပါဝင်ခဲ့သည်။ သူတို့ သက်တမ်းတလျောက် တခုတည်းသော တည်ခဲ့သည့်ကတိမှာ ၂၇-၁-၁၉၉၀ နေ့က ရွေးကောက်ပွဲ လုပ်ပေးခြင်းသာ ဖြစ်ပါသည်။

ထိုကတည်းက န၀တ-နအဖ သည် မည်သူ့ကိုမျှမထောက် သူတို့လုပ်ချင်ရာကို လုပ်ပါတော့သည်။ ဈေးကြီးကြီး ပေးရပါစေ၊ လုပ်ချင်တိုင်းလည်း ရအောင်လုပ်နိုင်သည်။ သူတို့သည် (ဆန်ရှင်)ကိုသော်၎င်း။ (ရီဇိုလူးရှင်း)စာရွက် ပေါ်က ဆုံးဖြတ်ချက်များကို၎င်း၊ ဂရုမစိုက်ပါ။ (အာစီယန်)ကို၎င်း။ ကုလသမဂကြို၎င်း အလေးဂရုမပြုပါ။ ကျောင်းသား များကို နှိပ်ကွပ်၊ ဖမ်းဆီး၊ သတ်ပြစ်သည်။ အမတ်များကို နှိပ်ကွပ်၊ ဖမ်းဆီး၊ သတ်ပြစ်သည်။ နောက်ဆုံး ဘုန်းကြီးများကိုလည်း နှိပ်ကွပ်၊ ဖမ်းဆီး၊ သတ်ပြစ်သည်။ သို့ရာတွင် သူတို့သတ်မပြစ်နိုင်သေးသည်မှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ် ဖြစ်ပါသည်။

၁/၉၀ သည် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို နှိပ်ကွပ်ဖမ်းဆီးထားဘို့ဖြစ်ပါသည်။ ၄-၅နှစ် ကြာလာသောအခါ သူတို့၏ သတင်းစာများက ရွေးကောက်ပွဲရလဒ် တရားမ၀င်တော့သလို ရေးသားလာရာ သံယောင်လိုက်ပြောသူတွေ တွေ့ရပါသည်။ နောက် ၄-၅နှစ်ကြာပြန်သောအခါ အတိုက်အခံများသည် တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းမရှိသလို စွပ်စွဲလာသည်။ သူတို့အပြောလိုက်ပြောသည့် အစိုးရတွေ၊ လူတွေရှိခဲ့သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာရ်ပီပီ)မှ တိုင်းပြည် နှင့်အသင့်တော်ဆုံးသော ပေါ်လစီများ ပြည့်ပြည့်စုံစုံပါသည့်အစီရင်ခံစာကို ထုတ်ပြန်ပေးခဲ့သည်။ စစ်နှင့် အရပ်ဖက် အရာရှိကြီးများကလည်း (တဦးချင်းပြောလျင်) ဒီမိုကရေစီအရေးကို စာနာထောက်ထားကြောင်း ပြောလာကြပါပြီ။

၂၀၀၇ အရေးအခင်းအပြီး စိတ်ဝင်စားဘွယ်ကောင်းသော စိုးရိမ်ချက်အသစ်တမျိုးကို အိမ်နီးချင်းနိုင်ငံများက ပြောလာကြသည်။ စစ်အုပ်ချုပ်မှု မရှိလျင် မြန်မာပြည်သည် (ဘော်လကန်နိုက်ဇေးရှင်း)ဖြစ်မည် ဟူ၍ဖြစ်ပါသည်။ နိုင်ငံရေး သမားဟူသည် အကောင်းမြင် ကြည့်တတ်ရပါမည်၊ အိမ်နီးချင်းနိုင်ငံများသည် စစ်တပ်အုပ်စိုးမှုအလွန် မြန်မာနိုင်ငံ ဆိုသည်ကို စဉ်းစားလာနေကြပြီဟူ၍ယူရပါမည်။ ထို့ကြောင့် ကျွန်ုပ်တို့ လုပ်ကြရမည့်အလုပ်တခုမှာ အိမ်နီးချင်းများ၏ စိုးရိမ်မှုကို ဖျေဖြောက်ပေးရန်ဖြစ်သည်။ ပြည်ထောင်စု၏ တာဝန်ရှိသူအားလုံ့း ခိုင်မာ-အားရှိသော ငြင်းဆိုချက် ပေးကြရန် တာဝန်ရှိသည်။ ရှိထားသည့် တင်းကြပ်စွာဖွဲ့စီးထားခြင်းမရှိသော တပ်ပေါင်းစုများသည် ပြည့်စုံသော အဖြေ မဟုတ်သေးပါ။ ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ပြန်ချက်အား တိုင်းရင်းသားနိုင်ငံရေးပါတီ(၁၂)ခု ထောက်ခံလိုက်မှုမှာ အကောင်းဆုံးထဲက တခုဖြစ်ပေသည်။ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်များမှာ တဖက်က လုပ်ထားသမျှ အနက် အကောင်းဆုံးလက်ရာ(မာစတာပိစ်) ဖြစ်ပါသည်၊ ယခုဆိုလျင် ယခင်ကထက် အစည်းပြေလာသော်လည်း တည်နေမြဲနေဆဲဖြစ်ပါသည်။ အပစ်ရပ်အဖွဲ့များ ပိုမို ရဲရင့်လာနိုင်ကြမည်လော။

လူတိုင်းနားလည်ကြသည့် အခြေခံသဘောတရားမှာ လူထုသည် မိမိအတွက် မိမိဖါသာ လုပ်ဆောင်ရမည်ဟူ၍ဖြစ်ပါ သည်။ ထို့ကြောင့် ပြည်တွင်းနိုင်ငံရေးဖြစ်ပေါ်မှုသည် ကျွန်ုပ်တို့၏ ပြည်ပဆောင်ရွက်မှုများထက် အရေးပါကြောင်းကို ရှစ်လေးလုံး ကျောင်းသားများနှင့် ရဟန်းသံဃာတော်များက ပြခဲ့ကြပေပြီ။ ထို့ကြောင့် မိမိတို့၏ အသစ် စဉ်းစား လုပ်ဆောင်မှုများအား အထဲက ထောက်ခံ-အားပေးမှု ရှိရပါလိမ့်မည်။

၂၀၀၇ ကြိုးပမ်းမှုသည် ကမ္ဘာ့အမြင်ကို ပြောင်းသွားစေခဲ့သည်မှန်သော်လည်း နအဖ သည် သူတို့၏ ပေါ်ပြူလာ မဖြစ်တော့သော (ရုပ်မက်)ကိုပင် တစိုက်မတ်မတ် တင်နေပေသည်။ ကမ္ဘာ့အမြင် ပြောင်းလဲစေမှုကြီး ရှိစေကာမူ အဘယ့်ကြောင့် နအဖ အား သူတို့၏ (ရုပ်မက်)ကို ပြုပြင်စေရန် မစွမ်းနိုင်ပါသနည်း၊ ဆိုလိုအချက်ကို တင်ပြပါမည်။ ၁/၉၀သည် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်အား တားဆီးဘို့ဖြစ်ခဲ့ပြီး။ (ရုပ်မက်)မှာ ယင်းကို သတ်ပြစ်ဘို့ဖြစ်ပါသည်။ ထို့ကြောင့်ပင် စစ်အုပ်စုသည် ၁၉၉၀ ရွေးကောက်ပွဲရလဒ်အား အသေအလဲ သတ်ပြစ်ချင်ပါသည်။ ဤသို့ ယူစေချင် ပါသည်။ ၁၉၉၀ရွေးကောက်ပွဲရလဒ်က ကျွန်ုပ်တို့၏ အကြီးဆုံး‘အား’ဖြစ်ရာ ယင်းကို ကောင်းကောင်း အသုံးချရပါမည်။ ရေရောသည့်အဖြစ်မျိုး မရောက်စေသင့်ပါ။

စဉ်ပြိုင်အစိုးရတရပ် ပေါ်ချင်ပေါ်လာမည်။ ပေါ်ချင်မှလည်း ပေါ်မည်။ သို့သော် ၂၀၀၈မှစသည့် ကျွန်ုပ်တို့၏ ကြိုးပမ်းချက်များသည် ဒီမိုကရေစီသွေးစည်ရေးနှင့် အမျိုးသားညီညွတ်ရေးတို့အား အထောက်အကူ ဖြစ်ရပါလိမ့်မည်။ အချင်းချင်း သဘောကွဲမှုများ ရှောင်ရှားရပါမည်။ ယင်းမှာ ၁၉၉၀ရွေးကောက်ပွဲရလဒ်အား ပိုမိုထိရောက်စွာ အကောင် အထည်ဖေါ်ခြင်းမျိုးဖြစ်ရမည်သာမက ရှိပြီးသားအစိုးရထက် ထိရောက်မှုပိုရှိပါမည် ဆိုသည်ကိုလည်း သေချာစေသင့် ပါသည်။ ထိုအတွက် (အင်စီဂျီယူဘီ)က ၀မ်းပမ်းတသာ ဆောင်ရွက်ပါမည်။ ယင်းအတောအတွင်း ကျွန်ုပ်တို့အားလုံး အဖို့ ဒေါ်စု၏လမ်းညွှန်ချက်နှင့်အညီ လုပ်ဆောင်ရန် အလုပ်တွေ တလှေကြီးရှိနေကြပါသည်။

တင့်ဆွေ
(အင်စီဂျီယူဘီ)