Tuesday, November 18, 2008

မြန်မာနိုင်ငံရေး အခြေခံပဋိပက္ခများ အဓိက ပဋိပက္ခကို ဘယ်လို သတ်မှတ်နိုင်ပါသလဲ

ဒီနေ့ ခေတ် မြန်မာ့ နိုင်ငံရေးဟာ အချိုးအကွေ့  တစ်ခုဆီ ရောက်ရှိနေပါပြီ။ မြန်မာ့ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်နေသူ အားလုံး တိုင်းပြည်ရဲ့ ပကတိ အခြေအနေကို ပဋိပက္ခ တရား များရဲ့  ရှုထောင့်ကနေ ဘယ်လိုခွဲခြမ်း စိတ်ဖြာ ကြည့်မလဲ။ နိုင်ငံရေ ဒဿန ပညာရပ်နဲ့  သက်ဆိုင်သလို မဟာဗျူဟာ ပြဿနာ အဖြစ်လဲ ရှုမြင်နိုင်ပါတယ်။
သမိုင်း ဖြစ်ရပ်မှန်တွေကနေ အမှန်တရားရှားဖွေမယ် ဆိုရင် အခြေခံပဋိပက္ခများနဲ့ အဓိက ပဋိပက္ခ တွေကို အခိုင်အမာ ခွဲခြမ်း ကြည့်မြင်နိုင်မှာ ဖြစ်ပါတယ်။
အခြေခံ ပဋိပက္ခတွေကို ဒီလိုခွဲခြမ်း နိုင်ပါလိမ့်မယ်။
(၁) စစ်ဝါဒီ ဗြူရိုကရက်တွေ ဘိန်းဘုရင်တွေ “ငြိမ်းအဖွဲ့ ” ခေါင်းဆောင်ကြီးများ တစ်ဖက် - အလုပ်သမားတွေ လယ်သမားတွေ ပညာတတ် ဓနရှင် ပေါက်စတွေ အလယ်အလတ် တိုင်းရင်းသား ဓနရှင်တွေက တစ်ဖက် တည်ရှိနေတာကို တွေ့ မြင်ရမှာ ဖြစ်ပါတယ်။အဲဒီ ပဋိပက္ခတွေက အဓိက နေရာမှာ ရောက်နေပါတယ်။ အဲဒီလိုရှုမြင် နိုင်မယ်ဆိုရင် ရန်သူ မိတ် ဆွေစည်းကြောင်းကိုလည်း ထင်ရှားစွာ မြင်နိုင်ပါတယ်။
(၂) အခြား အခြေခံ ပဋိပက္ခ တစ်မျိုးကတော့ အလယ်အလတ် တိုင်းရင်းသား ဘဏ်လုပ်ငန်း ရှင်များ စက်မှု လက်မှု လုပ်ငန်းရှင်များ သယ်ယူပို့ ဆောင်ရေး - ကုန်သွယ်ရေး ဓနရှင်များက တစ်ဖက် အလုပ်သမားများ လယ်သမားများ ပညာတတ် ဓနရှင်များက တဖက် ရှိနေတဲ့ အခြေ ခံ ပဋိပက္ခဟာလဲ အလွန်အရေးကြီးပါတယ်။ အဲဒီ ပဋိပက္ခကို ဖြေရှင်းကိုင်တွယ်ရာမှာ မဟာမိတ် အဖြစ် ဆက်ဆံဖြေရှင်းရမှာ ဖြစ်ပါတယ်။
(၃) အခြားသော အခြေခံ ပဋိပက္ခတွေကတော့ မဟာဗမာ လူမျိုးကြီး ၀ါဒက တစ်ဖက် လူမျိုးစု ပေါင်းစုံ ပြည်သူတွေက တစ်ဖက် တည်ရှိနေတဲ့ ပဋိပက္ခ ကိုလည်း မဟာမိတ်ဘောင် အတွင်းက ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ငြိမ်းအဖွဲ့ ခေါင်းဆောင်များနဲ့  သက်ဆိုင်ရာ လူမျိုးစုတွေ အကြားမှာလည်း ပဋိပက္ခတွေ ဖြစ်နေကြပါတယ်။ ထိုနည်းတူစွာ ကုလသမဂ္ဂ၊ နိုင်ငံတကာ ဒီမိုကရေစီ အစိုးရတွေ နဲ့ စစ်အစိုးရ ကြားမှာလည်း ပဋိပက္ခ ရှိနေပါတယ်။ သံတမန် နည်းလမ်း တွေနဲ့  ဖြေရှင်းနိုင်ရမှာ ဖြစ်ပါတယ်။
အဲဒီ ပဋိပက္ခ မျိုးစုံကြားမှာ စစ်ဝါဒီတွေနဲ့  ပြည်သူလူထု အများစုကြီး ဖြစ်နေတဲ့ ပဋိပက္ခ က အဓိက အကျဆုံး ဖြစ်ပါတယ်။ ကျန် ပဋိပက္ခ တွေက လက်အောက်ခံ ပဋိပက္ခ မျှသာ ဖြစ်ပါတယ်။ အဓိက ပဋိပက္ခ ကို ဖြေရှင်း နိုင်ခဲ့ရင် တိုင်းပြည်ရဲ့ ကံကြမ္မာလည်း ပြောင်းလဲသွား ပါလိမ့်မယ်။
ဆိုခဲ့ပါ ပဋိပက္ခ တွေကို သိမြင်ပြီး မိမိတို့ ရဲ့ မဟာ ဗျူဟာ လမ်းစဉ် နည်းဗျူဟာ လမ်းစဉ်တွေကို နိုင်ငံရေး ပါတီတိုင်း ရေးဆွဲ ချမှတ်နိုင်စွမ်း ရှိရမှာ ဖြစ်ပါတယ်။
ဒီနေ့ ခေတ် မြန်မာနိုင်ငံရေးမှာ အာဏာရှင် စနစ် ဖျက်သိမ်းပစ်ပြီး ဒီမိုကရေစီ စနစ် ထူထောင် ရေးဖြစ်တယ်။ ဆိုလိုတာက ဗြူရိုကရက် အရှင်းရှင် စနစ် မြေယာ လက်ဝါးကြီးအုပ် စနစ် ဗြူရိုကရေစီ ယန္တရားနဲ့  စစ်တပ် အာဏာပိုင်း စနစ်တို့ ကို အပြီးအပိုင် ဖျက်သိမ်းပစ်ပြီး ဈေး ကွက်စီးပွားရေး စနစ် ပွင့်လင်းမြင်သာတဲ့ အုပ်ချူပ်ရေးစနစ်နဲ့  ပါတီစုံ ဒီမိုကရေစီတို့ ကို အကောင် အထည်ဖော်ရေး ဖြစ်ပါတယ်။ မဟာဗျူဟာ လမ်းစဉ်တွေက ညီညွတ် နိုင်မှသာ ပြည်တွင်း - ပြည်ပ ဒီမိုကရေစီ အင်အားစုတွေရဲ့ သွေးစည်း ညီညွတ်မှုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ နည်းဗျူဟာ လမ်းစဉ်တွေ ဆိုတာက မဟာဗျူဟာ ရည်မှန်းချက်တွေ အတွက် ရန်သူအစိုးရရဲ့ ဖိနှိပ်မှု မျိုးစုံကို ရှောင်ရှားပြီး ပြည်သူတွေ ပါဝင်လှုပ်ရှားလာအောင် သိမ်းသွင်း စည်းလုံးရတာမျိုး ဖြစ်ပါတယ်။ ဒေသဆိုင်ရာ နိုင်ငံရေး အင်အားစုတွေဟာ မိမိတို့ အင်အားစု တွေ အကျအဆုံး နည်းပါးအောင် ဖွဲ့ စည်းမှုအရ လှုပ်ရှားမှုအရ မတူညီတာတွေ ဖြစ်နိုင်ပါတယ်
မြေအောက် တပိုင်း ဖွဲ့ စည်း လှုပ်ရှားမှုတွေ ရှိနိုင်သလို တချို့ ကိစ္စ တွေမှာ ဗြောင် လှုပ်ရှားရ တာမျိုးလဲ ရှိနိုင်ပါတယ်။ မြေအောက် လှုပ်ရှားမှုနဲ့  မြေပေါ်လှုပ်ရှားမှုတွေကို စည်းခြားဖို့ လိုပါ တယ်။ ရောထွေးခဲ့ရင် အကျအဆုံး များနိုင်ပါတယ်။ မြေအောက်လှုပ်ရှားမှုတွေဟာ အချိန်နဲ့  နေရာတို့ ကို တိတိကျကျ စီမံတတ်သူ ဖြစ်ဖို့ လိုပါတယ်။
ရန်သူတွေကို ရေရှည်အမြင်အရ လုံးဝအောင်ရမယ်။ လို့ စိတ်ဓါတ် စိုက်ထူကြရမယ်။ လက် တွေ့ ဖော်ဆောင်ရာ ရန်သူကို အလေးထားရမယ်။ အထင်သေးလို့ မရပါ။ ဒါကြောင့်မို့  ဖောက်ပြန်သူတွေကို မဟာဗျူဟာ အရ စက္ကူကျားလို့  သဘောထားရမှာ ဖြစ်ပေမယ့် နည်း ဗျူဟာအရ တကယ့်ကျား၊ လူသားစား ကျားတွေ ဖြစ်တယ်ဆိုတာ လေးနက်ဖို့ လိုပါတယ်။ ရန်သူတွေ အကြောင်းကို ပိုင်နိုင်စွာ သိဖို့ လို သလို မိမိတို့ ရဲ့ လုပ်ဆောင်နိုင်စွမ်းကိုလည်း နားလည် သဘောပေါက်ဖို့ လိုပါတယ်။
အောင်ပွဲ ဆိုတာ သူရဲကောင်းတို့ ရဲ့ စွန့် လွှတ် အနစ်နာ ခံမှုရဲ့ 
ရလာဒ်မျှသာ ဖြစ်ပါတယ်။

နိုင်ငံရေး သမားတစ်ဦး
၁၄-၁၁-၂၀၀၈

No comments: