Friday, December 26, 2008

၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ မြန်မာ့နိုင်ငံရေး မဟာ ဗျူဟာ နည်းဗျူဟာများ-

၂၀၀၈ မေလမှာ စစ်ကောင်စီက မြန်မာ့နိုင်ငံရေး သမိုင်းမှာ တတိယမြောက် ဖွဲ့ စည်းပုံ အခြေခံဥပဒေကို အတည်ပြုကြေငြာလိုက်ပါတယ်။ အဲဒီဥပဒေ အရ ၂၀၁၀ မှာ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး ကျင်းပပေးမယ် လို့ လည်း ဖော်ပြထားပါတယ်။ ရွေးကောက်ပွဲ အပြီးမှာ အနိုင်ရပါတီကို အာဏာလွဲပြောင်းပေးပါ့မယ် လို့ လည်း ကမ္ဘာသိ ထုတ်ပြန်လိုက်တယ်။

ရှစ်လေးလုံး အရေးတော်ပုံဆိုတာ မြန်မာ့ နိုင်ငံရေးမှာ မှတ်တိုင်ကြီး တတိုင်ဖြစ်ပါတယ်။ ဗိုလ်နေ၀င်း၊ ဗိုလ်စန်းယု တို့ ရဲ့  တစ်ပါတီ အာဏာရှင်စနစ်ကို နိဂုံး ချုပ်စေခဲ့တယ်။ အာဏာလွှဲပြောင်း ရယူခဲ့တဲ့ စစ်ကောင်စီ (န၀တ) ဟာ ဈေးကွက် စီးပွားရေး စနစ်နဲ့  ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပေးမယ်လို့  အာဏာသိမ်းစဉ်က ထုတ်ပြန်လိုက်တယ်။

လွတ်လပ်၍ တရားမျှတတဲ့ (၉၀) ခုနှစ် ရွေးကောက်ပွဲမှာ စစ်ကောင်စီရဲ့  မဟာမိတ်ပါတီ ဖြစ်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) အပြတ်အသတ် ရှုံးနိမ့်သွားခဲ့တာကြောင့် ရွေးကောက်ပွဲ အပြီး (၆)လ အတွင်းမှာ လွှတ်တော် ခေါ်ယူ ကျင်းပပေးရမယ့် အစား ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်မောင်အေးနဲ့  ဗိုလ်ချုပ်ခင်ညွန့်  တို့ ဟာ ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့  ကတိ က၀တ်တွေကို ပယ်ဖျက်လိုတာကြောင့် ဦးနေ၀င်း ဦးစန်းယုတို့ ရဲ့  သဘောတူညီချက်နဲ့  စစ်အာဏာရှင်စနစ်ကို ဆက်လက်ထူထောင်ခဲ့တာ အခုဆိုရင် အနှစ်(၂၀) ကြာမြင့်ခဲ့ပြီ။ မြန်မာ ပြည်သူတွေ ရှစ်လေးလုံး အရေးတော်ပုံ ကာလက မျှော်မှန်းတမ်းတခဲ့တဲ့ ဒီမိုကရေစီ စနစ်၊ ဒီမိုကရေစီ အစိုး ရ ဆိုတာတို့ ဟာ “ ရွှေပြည်တော် မျှော်တိုင်းဝေး’’ ရှိနေပါသေးတယ်။

ဒါ့ကြောင့်မို့  လက်ရှိစစ်ဝါဒီတွေ ခံယူကျင့်သုံးနေတဲ့
(၁) ဗြူရိုကရက် အရင်းရှင်စီးပွားရေး စနစ် မြေယာ လက်ဝါးကြီးအုပ် အရင်းရှင်စနစ်
(၂) စစ်ဗြူရိုကရက် ယန္တရား ငါ့မင်း ငါ့ချင်း အုပ်ချုပ်မှုစနစ်
(၃) စစ်အာဏာရှင်စနစ် (ခေတ်သစ် ဖက်ဆစ် စနစ်) တို့ ကို တိုက်ဖျက်ခြေမှုန်းပစ်ရေး တို့ ဟာ မြန်မာ ပြည်သူတွေ ထမ်းဆောင်ကြရမယ့် သမိုင်းပေးတာဝန် ဖြစ်ပါတယ်။

အထက်ပါစနစ် (၃) မျိုးတို့ ကို ဖျက်ဆီးပစ်ပြီး
(၁) ဈေးကွက် စီးပွားရေး စနစ် (တံခါးပွင့် ၀ါဒ) တို့ ကိုကျင့်သုံးရမယ်။
(၂) ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်တို့ ကို ထူထောင်ရမယ်။
(၃) ပါတီစုံ ဒီမိုကရေစီစနစ်တို့ ကို အသက်သွင်း အကောင်အထည်ဖော်ကြရမယ်။

အထက်မှာဖော်ပြခဲ့တဲ့ ဖျက်ဆီးရမယ့် စနစ် (၃)မျိုးနဲ့  တည်ဆောက်ရမယ့် စနစ်(၃)မျိုး တို့ ဟာ မြန်မာ့နိုင်ငံရေး ရဲ့  မဟာဗျူဟာ တာဝန်တွေ ဖြစ်ကြတယ်။

ဒါတွေတွင်မက စနစ်(၃)မျိုးတို့ ကို တည်ဆောက်နိုင်တဲ့ နိုင်ငံရေး အင်အားစုတွေက (၁) အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် (၂) မျိုးဆက်သစ် ကျောင်းသား လူငယ်များ (၃) လူမျိုးစု ခေါင်းဆောင်များ (၄) ရဟန်းသံဃာတော်များ နဲ့  ပြည်သူ့  အလွှာပေါင်းစုံတို့  ဖြစ်ကြတယ်။ သူတို့ ဟာ သွေးစည်းညီညွတ်ကြပြီး စစ်အာဏာရှင်စနစ်ကို ပြတ်သားစွာ တိုက်ပွဲဆင်ရမှာ ဖြစ်ပါတယ်။ ရန်သူ မိတ်ဆွေ စည်းကြောင်းကို ရေးဆွဲလိုက်ခြင်းဖြစ်ပါတယ်။

နောက်ဆက်တွဲ မဟာ ဗျူဟာ ပြဿနာ တချို့ ကို ဖော်ပြလိုပါတယ်။
(၁) နိုင်ငံရေးအကျဉ်းသားတို့ ကို ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရမယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်နဲ့  ဒီမိုကရေစီ အင်အားစုတွေရဲ့  လွတ်လပ်စွာ ဖွဲ့ စည်းခွင့် စည်းလုံးလှုပ်ရှားမှုတွေကို ခွင့်ပြုရမယ်။
(၂) အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်တဲ့ စားပွဲဝိုင်း ဆွေးနွေးပွဲတွေ စတင် အကောင်အထည် ဖော်ပေး ရမယ်။
(၃) ပြည်တွင်းစစ်ကို ချက်ချင်းရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ စတင်ကျင်းပရမယ်။
(၄) ပြည်ပရောက် ဒီမိုကရေစီ အင်အားစုများ ကုလသမဂ နဲ့ နိုင်ငံတကာ အစိုးရများရဲ့  မြန်မာ့ဒီမိုကရေစီရေး အား ပေးထောက်ခံ ကူညီမှုတွေကို အသိအမှတ်ပြုရမယ်၊ ကြိုဆိုရမယ်။
(၅) စစ်အာဏာရှင် စနစ် ဖျက်သိမ်းရေးအတွက် ဥပဒေတွင်း ဒီမိုကရေစီ တိုက်ပွဲများနဲ့  မြေအောက်တစ်ပိုင်း ဖွဲ့  စည်းမှု လှုပ်ရှားမှုတွေကို ဆက်လက်ဆင်နွှဲရမယ်။ တိုင်းပြည်အနှံ့ ဒေသအလိုက် တောင်းဆိုချက်များ တိုက်ပွဲပုံစံ မျိုးစုံတို့ ကို ဖော်ထုတ် ဆင်နွှဲတတ်ရမယ်။

ဒီကနေ့  မြန်မာပြည်သူတွေ ဆင်နွှဲနေတဲ့ ဒီမိုကရေစီ တော်လှန်ရေး တိုက်ပွဲတွင် အချောင်သမား အယူအဆ အတွေးအခေါ် မျိုးစုံတို့ ကို တိုက်ပွဲဆင်နွှဲ ရဲရမယ်။ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနဲ့  ၂၀၁၀ ရွေးကောက်ပွဲ တို့ ကို အပြု ဖက်က ချဉ်းကပ်မှုများကို ပြတ်သားစွာ ဆန့် ကျင်ရမယ်။ ပြည်သူတို့ ရဲ့  ရဲရင့်တဲ့ တိုက်စွမ်းရည်ကို ယုံကြည်သင့် ကြတယ်။ (၄၆) နှစ်ကြာ အာဏာရှင်စနစ်ကို ပြည်သူတစ်ရပ်လုံး ၀ိုင်းဝန်းချေမှုန်းကြရမယ်။

အောင်ပွဲဆိုတာ တိုက်ရဲသူတွေအတွက် ဖြစ်ပါတယ်။

စိန်ကျော်ဝင်း
၂၅-၁၂-၂၀၀၈

No comments: