Friday, October 31, 2008

အတိတ်က ငရဲကျွန်း - အနာဂတ်မှာ သမိုင်းပြတိုက်


အတိတ်သည် ပစ္စုပ္ပန် အရိုးပြာ ရုပ်ကြွင်းတို့ ဂူသွင်မြုပ်နှံရာ သင်္ချိုင်းမြေ ဖြစ်ပါသည်။ အတိတ်ကို သတိရခြင်းသည် မိမိ၏ အရိုးရှိရာသို့  ပြန်သွားရခြင်းနှင့် တူပါသည်။ အတိတ်ကို နတ်ရုပ်တု ရွှေချကာ ပသ ကိုးကွယ်နေရန် မသင့် သော်လည်း အတိတ်နှင့် ဆက်စပ်ခြင်းဖြစ်သာ ပစ္စုပ္ပန်၌ မိမိ၏ ရှင်သန်မှုကို သိခွင့်ရသော လူသားအဖို့  အတိတ်ကို လုံးဝဥဿုံ မေ့လျော့ပစ် ရာမှာလည်း မဖြစ်နိုင်ပါ။
အောင်းမေ့ သတိရခြင်းသည် အတိတ်မှ မိမိ၏ အရိုး အုတ်ဂူရှိရာသို့ တခါတရံ အလွမ်းပြေ အလည်သွားရန် သို့  မဟုတ် အတိတ်၏ အရိုးပြာ ရုပ်ကြွင်းများအကြား၌ မေ့လျော့ပျောက်ကျန်ရစ်ခဲ့သော သစ္စာတရားကို ပြန်လည်ရှာ ဖွေရန် အတိတ်နှင့် ပစ္စုပ္ပန်အကြား ဆက်သွယ်ထားသော တံတား တစင်း ဖြစ်ပါသည်။
ကျနော်သည် ယမန်နေ့ ညက အငြိုးနှင့် ရွာနေသော ၀ါဆိုမိုး သဲသဲအောက်တွင် အောက်မေ့ သတိရခြင်း ပေါင်းကူး တံတားလေး အတိုင်း လွန်ခဲ့သော အနှစ်လေးဆယ်နီးပါးက ကျနော်ရောက်ခဲ့ဖူးသော ကျွန်းကလေးဆီသို့  လျှောက်သွားခဲ့ပါသည်။
ကျွန်းကလေးသည် ပင်လယ်ရေပြာ ခုံးခုံးကြီးပေါ်တွင် ပေါလောပေါ်နေသော ရှည်မျောမျော ကျောက်စိမ်းရိုင်း တတုံးနှင့်တူပါသည်။ နက်ရှိုင်း ပြာမှောင်သော ဆားငံရေပြင်ကျယ်ကြီးက ကျွန်းငယ်လေးကို ပတ်လည်ဝိုင်းထား ပါသည်။ ကမ္ဘာကြီးသည် မြေပထ၀ီဖြင့် ဖွဲ့ တည်ထားသည်နှင့် မတူဘဲ ရေပြာဂြိုလ် တလုံးနှင့်သာ တူနေပါတော့ သည်။ထိုရေပြာ ဂြိုလ်ပေါ်တွင် မြေသားဟူ၍ ဤကျွန်းငယ်ကလေးသာ ထီးတည်းနေသယောင် ထင်မှတ်ရပါသည်။
မည်သည့်အဝေးဆုံးနေရာသို့  မျှော်ကြည့်သည်ဖြစ်စေ ကောင်းကင်နှင့်ပင်လယ် ချစ်သူနှစ်ဦးတို့  ပွေ့ ဖက်ထိနမ်း ရာအပြာရောင် မိုးကုတ်စက်ဝိုင်း၏ အနားသတ်မျဉ်းကွေး မှုန်ရေးရေးကိုသာ မြင်နေရတတ်ပါသည်။ဝေလံရာ အရပ် ဆီမှ ဖန်သားမိုကုတ်စက်ဝိုင်းဆီသို့  မျှော်ကြည့်ပါတိုင်း လူသား၏ သေးနုပ်မှုသည် ကျနော်၏ အာရုံတွင် အလိုလို ပေါ်လာမြဲဖြစ်ပါသည်။
ကျွန်းကလေး၏ ၀ိသေသ အဆင်တန်ဆာသည် ဟာဝေယံကျွန်းသူ တသိန်း ယိမ်းကနေသလို အစီအရီ နေရာယူ ပေါက်ရောက်နေကြသော အုန်းပင်ပျိုများဖြစ်ပါသည်။ ရာသီဥတု သာယာချိန်များတွင် ကကြိုးဆင်နေသော အုန်းလက်စိမ်းများသည် ဂျပန် ကချေသည်လေးများ၏ သေးသွယ်သော လက်ချောင်းလေးများကြားမှ ပိုးသား ယပ်တောင်များလို တဖျပ်ဖျပ်ခါနေတတ်ပါသည်။ မုတ်သုံမိုးနှင့် မုန်တိုင်းတို့ အလည်လာချိန်တွင်မူ သေသောက် ကျူးသော နတ်ဝင်သည်များလို အုန်းလက်ရှည်ကြီးများကို ပရမ်း ပတာဝှေ့ ရမ်းကာ ခပ်ရိုင်းရိုင်း သိုင်းကလေ့ရှိပါ သည်။ ထိုအချိန်မျိုးတွင် ပင်လယ်၏ ဗိန်းမောင်း ဗုံသံ ဆိုင်းချက်ကလည်း ရိုင်းရိုင်း ကြမ်းကြမ်းပင် ဖြစ်ပါသည်။
ထိုကျွန်းကလေးပေါ်တွင် ကမ္ဘာဦး သစ်ပင်ကြီးများဟု ထင်ရသော ဧရာမ သစ်ပင်နီပင်ကြီးများလည်းရှိပါသည်။ လူ လေးငါး ခြောက်ယောက် ဖက်လောက်ကြီးပြီး မော်ကြည့်လျှင် ခေါင်းပေါင်းကျွတ်ကျလောက်အောင်ပင် မြင့်ပါသည် အမျိုးအမည်စုံသော ၀ိသေသ ထုံနံ့ သာဖြစ်သည်။
ပင်လယ်ရေပြာ ပတ်လည်ဝိုင်းထားသော၊ သံဆူးကြိုး အထပ်ထပ် ကာရန်ထားသော နေ့ ည မပြတ် လက်နက်ကိုင် အစောင့် အကြပ်များချထားသော ညဖက်များတွင်း ဆလိုက်မီးမောင်းကြီးများဖြင့် မကြာခဏ ထိုးကြည့်တတ်သော ဖက်ဆစ် အကျဉ်းစခန်းအတွင်း၌ (၃)နှစ်နီးပါး (၂ နှစ် ၁၁လ) ကိုယ်ထူ ကိုထ အကျဉ်းချခံခဲ့ကြရပါသည်။ ကျနော် တို့  အကျဉ်းသားများကိုယ်တိုင် ထမင်းဟင်းချက်ကြရ ထင်းခွေ ရေခပ်ကြရသည်။ ဟင်းသီး ဟင်းရွက်များ စိုက်ရ သည်။ ပင်လယ်ရေတိမ်ပိုင်းသို့ ဆင်းကာ ခရုငုတ် ငါးရှာ ကျောက်ပိုး ကျောက်ခမောက်ခွာကြရသည်။ ဟင်းရှာရင်း ပင်လယ်ရေအောက်ရောက်ကာ ငါးမန်းစာ ဖြစ်သူ ဖြစ်ရသည်။ အုန်းပင်ပေါ်မှ ပြုတ်ကျကာ အသက်ပျောက်သူ ပျောက်ရသည်။ အဟာရ ချို့ တဲ့ သဖြင့် ရောဂါ ဘယထူပြောသော်လည်း ဆေးဝါး ကုသခွင့် မလုံလောက်ပါ။ အိမ် နှင့်လည်း စာရေးဆက်သွယ်ခွင့် မရကြပါ။
ပြင်းထန်သော ဖိအားအောက်တွင် အသက်ရှင်ရသည်မှာ ကိုယ်စိတ် နှစ်ပါး လွန်စွာ နာကြင် ပင်ပန်းပါသည်။ ထို နာကြင် ပင်ပန်းမှုများကပင် ကျနော်တို့ ၏ ယုံကြည်ချက်နှင့် ဘ၀ အဓိပ္ပါယ်ကို ပိုမို နက်ရှိင်းသွားစေပါသည်။ မတရားစော်ကားအနိုင်ကျင့်မှုကိုစက်ဆုပ်ရွံ့ ရှာခြင်းအမှန်တရားကိုလိုလားမြတ်နိုးခြင်းသာမရှိပါကကျနော်တို့ အားလုံး ထိုကျွန်းလေးပေါ်မှာပင် အရည်ပျော် ပျောက်ကွယ်သွားဖို့ ရှိပါသည်။ သို့ သော် ထိုအတိုင်းမဖြစ်ခဲ့ကြပါ။ ရင်ဆိုင်ကြုံတွေ့ နေရသော အဖြစ်ဆိုးကြီးမှ လွတ်မြောက်စေရန် နတ် ဒေ၀တာ တပါးပါးက လျှပ်တပြတ် အဆန်း တကြယ် ကယ်တင်ပေးလိမ့်ဟု ကျနော်တို့ မမျှော်လင့်ခဲ့ကြပါ။ တုန်နှောင်ထားသော ကိုယ်ပေါ်မှ နှောင်ကြိုးများကို ကျနော်တို့ ၏ လက်ရုံးများနှင့် ဖြတ်တောက်ချိုးဖျက်ခဲ့ကြပါသည်။ ငါးပိဖုတ် တိုက်ပွဲ ရက်(၄၀) တိုက်ပွဲ (၄၆)ရက် တိုက်ပွဲ (၅၃)ရက်တိုက်ပွဲ စသည့် အစာငတ်ခံတိုက်ပွဲများကို တဆင့်ခြင်း တပွဲပြီးတပွဲတိုက်ခဲ့ကြပါသည်။
(ပေးတာယူ ကျွေးတာစား စကားမများနဲ့  တိုက်ပွဲဆိုတာ မကြားချင်ဘူး ထွက်ပြေးမယ် မကြံနဲ့ ပင်လယ်ကြီးခြား နေတယ် ငါးမန်းစာဖြစ်သွားမယ်)ဟူသော စစ်အာဏာပိုင်းများ၏ စိန်ခေါ် ခြိမ်းခြောက်မှုကို ရေသောက်မြစ်မှ ဆွဲနုတ်ကာ ပင်လယ်ထဲသို့ လွတ်ပစ်လိုက်ကြပါသည်။
ဗကပ ထောင်းတွင်းပါတီကော်မတီဦးစီးသော ကိုယ်ထူကိုယ်ထ ဖျက်သိမ်းရေး (၅၃)ရက် အစာငတ်ခံတိုက်ပွဲကြီး တွင် ပါတီဝင် ရဲဘော်(၈)ဦး အသက်ပေးလှူခဲ့ကြပါသည်၏။
အာဇာနည် (၈)ဦး၏ ရုပ်ကလာပ် များကို ကျယ်ကျယ်ကြီးတစ်ခုအတွင်း စုပေါင်းမြုပ်နှံကာ နိုင်ငံတကာ သီချင်းနှင့် ဂုဏ်ပြု သဂြိုလ်ခဲ့ကြပါသည်။ ၀မ်နည်းခြင်း ကြေကွဲနာကြင်ခြင်း သို့ သော် ခွန်အားပြည့် ရှင်သန်ခြင်းတို့ ဖြင့် အသက်ဝင်နေသော နိုင်ငံတကာ တေးသံအောက်တွင် ပင်လယ် သဲသောင် ကျောက်ဆောင် အုန်းတော စသည့် အရာအားလုံးတို့ သည် တည်ကြည်နက်ရှိုင်းသော ငြိမ်သက်ခြင်းဖြင့် အာဇာနည်များအား ဂုဏ်ပြုနေကြပါသည်။ ထို ဂုဏ်ပြုတေးကို ကျွန်းငယ်ပေါ်မှ နိုင်ငံရေး အကျဉ်းသား (၂၀၀) ကျော်က သီဆိုနေသည်နှင့် မတူတော့ဘဲ သမိုင်း ခေတ် အဆက်ဆက် ကမ္ဘာတိုက်ကြီး အသီးသီးမှ အဖိနှိပ်ခံ ကျေးကျွန်များကပါ အချိန်ကာလနှင့်ပထ၀ီ နယ်နိမိတ် များကို ဖျက်သိမ်းပြီး ဤကျွန်းကလေးပေါ်သို့ ချီတက်ပူးပေါင်း ဂုဏ်ပြုသီဆိုနေကြသည်နှင့်ပင် တူနေပါတော့သည်။
လိပ်များ ဥလေ့ရှိသော လိပ်သောင်ပေါ်တွင်မူ စစ်သုံး တင့်ကားကြီးများ၏ ချိမ်းကြိုးရာကြီးများနှင့်တူသော လိပ်ခြေရာကြီးများကို တွေ့ နိုင်ပါသည်။ ထိုပင်လယ်လိပ်ကြီးများသည် အလှူအိမ်တွင် ထမင်းဟင်းချက်သော မိုဗြဲဒယ်ကြီးများလောက် ကြီးပါသည်။ ဤမျှ ကြီးမားသော ကမ္ဘာလိပ်ကြီးများက ပိန်ပေါင်ဘောလုံးလေးတမျှ သေး ငယ်သော ဥများကို ဥသည်မှာ စိတ်ဝင်စား စရာတော့ ကောင်းပါသည်။ လိုက်ဖက်ခြင်း မရှိသည့် အကောင်နှင့်ဥ တို့ ကို မြင်နေရသည့်အတွက်မူ အကြည်ဆယ်သန်သော သဘာဝတရားကြီးအပေါ် ကျွဲမြီးတိုချင်စရာ ဖြစ်ပါသည်။ သို့ သော် ထိုဥကလေးများကို အရသာ အဟာရဓါတ်နှင့် ပြည့်စုံအောင် ဖန်ဆင်းထားသည့်အတွက်ကိုမူ ကျေးဇူး တင်ရမည်ဖြစ်ပါသည်။
ကျွန်းကလေးပေါ်မှ အခြားစွဲမက်ဖွယ် ရှုခင်းမှာ နေမင်းကြီး အိပ်ယာဝင် အိပ်ယာထချိန်ဖြစ်ပါသည်။နေမင်းကြီး သည် မနက်စောစော ပင်လယ်ထဲမှ အိပ်ယာထလာပြီး ညနေဖက်တွင် ပင်လယ်ထဲသို့ နောက်ကျစွာ အိပ်ယာဝင် သွားလေ့ရှိပါသည်။ အိပ်ယာဝင် အိပ်ယာထချိန် နေလုံးကြီးသည် စပါးရာဝင်ပုတ်ကြီး တစ်လုံးလောက်ကြီးသည့် လိမ္မော်သီးမှည့်ကြီးနှင့် တူပါသည်။ဤမျှကြီးမားသော နေလုံးကြီးကို ကုန်းတွင်းပိုင်း ဒေသသား ကျနော် တခါမှ မမြင်ခဲ့ဖူးပါ။ ထိုအချိန်မျိုးတွင် အဝေးဆီမှ အပြာရောင်မိုးကုတ် စက်ဝိုင်းကြီး ရှက်သွေးဖြာနေသော သမီးရည်စား နှစ်ယောက်၏ ပါးပြင်လို ပန်းနုရောင်သန်းနေတတ်ပါသည်။
တခါတရံ မိုးကုတ်စက်ဝိုင်း အနားသတ်မျဉ်းကွေးသည် အလိုလိုမှိန်ဖျော့ ပျောက်ကွယ်ကာ ကောင်းကင်နှင့် ပင်လယ်တို့ အဆန်းတကြယ်ရောနှောပေါင်းစည်းသွားတတ်ပါသည်။ လပြည့်ညများဆိုလျှင် ပေါင်းစည်းနေသော ပင်လယ်နှင့်ကောင်းကင်တွင် လနှစ်စင်းနှင့် ကြယ်ပေါင်း အသင်္ချေကို မြင်တွေ့ နေရပါသည်။ ထိုအချိန်မျိုးတွင် ကျွန်းငယ်လေးသည် လနှစ်စင်းနှင့် ကြယ်အသင်္ချေ ထွန်းလင်းရာ အာကာသတွင် မျောပါနေသည့် ဗိမာန်ငယ်တစ် ခုနှင့် တူနေပါ သည်။
ဤမျှ စွဲမက်ဖွယ် အလှတို့ ဖြင့် ဆင်ယင်ထားသော ကျွန်းငယ်လေးသည် မြန်မာနိုင်ငံရေး သမိုင်းတွင် ရက်စက်မှု ဖြင့် သရဖူဆောင်းထားသော ဖက်ဆစ် အကျဉ်းစခန် ဖြစ်ခဲ့ဖူးပါသည်။ ထိုအဖြစ်မှာ ယုံချင်စရာပင်မရှိပါ သို့ သော် အမှန်တကယ်ပင် ထိုအတိုင်းဖြစ်ခဲ့ပါသည်။ မေ့ရက်စရာမရှိသော ထိုအဖြစ်ဆိုးကြီးကို သတိရသည်နှင့် တပြိုင်နက် ကျွန်းကလေး၏ အလှတရားမှန်သမျှသည် လက်ညှိုးလေး တစ်ချောင်းနှင့် တို့ ယုံမျှဖြင့် ပြိုကျသွားသော နိဗ္ဗာန်လို့  ဖရိုဖရဲ ပြိုလဲပျောက်ကွယ်ပျောက်ကွယ်သွားရပါတော့သည်။
မှန်ပါသည် ထိုကျွန်းငယ်လေးသည် ၁၉၅၈ခုနှစ် နှင့်၁၉၆၉ ခုနှစ်များတွင် စစ်အာဏာရှင် ဗိုလ်နေ၀င်းအစိုးရ၏ ဖက်ဆစ်ငရဲခန်းဖြစ်ခဲ့ပါသည်။
၁၉၆၉ ခုနှစ်က အပို့ ခံခဲ့ရသော နိုင်ငံရေးအကျဉ်းသား(၂၃၃)ယောက်ထဲတွင် အလုပ်သမား လယ်သမား အစိုးရမှုထမ်း စာရေးဆရာ ကျောင်းဆရာ တပ်မတော်သား ၀ါရင့်နိုင်ငံရေး သမားကြီးများ စသဖြင့် အလွှာစုံပါသည် အသက် အငယ်ဆုံး(၁၆)နှစ်မှ အကြီးဆုံး(၆၀)ကျော် (၇၀)နီးပါးအထိဖြစ်ပါသည်။ ပြည်မ ထောင်အသီးသီးတွင် ရက်စက်စွာ ညှင်းပမ်းနှိပ်စက်ခံကြရပြီးမှ တကျွန်းသို့ အပို့ ခံကြရခြင်းဖြစ်ပါသည်။
အားလုံး၏ ခန္ဓာကိုယ်များမှာ ပိန်ချုံး ကျုံလှီ နေကြပါသည် အသားအရည်များလည်းမွဲခြောက် ၀ါဖျော့ နေပါသည်။ မျက်တွင်းများ နထင်များ ဟောက်ပက် ချိုင့်ဝင်နေပါသည်။ ခန္ဓာကိုယ် နောက်ဖက်ကြောပြင်မှ ခြေသလုံးအထိ အရိုက်ခံထားရသော ကြိမ်ရိုက်ရာ အလျှိုးမဲကြီးများမှာ မြင်ရက်စရာပင် မရှိပါ ။အချို့ နံရိုး နှစ်ချောင်းသုံးချောင်း ကျိုးပါသည်။ အနှိပ်စက်လွန်၍ သရက်ရွက်တစ်ခြမ်း ကြေမွသွားသဖြင့် လှီးထုတ်ပစ်ရသူလည်း ရှိပါသည်။
ကျွန်းကလေး၏ သဲသောင်ယံသည် ရွှေချည် ငွေချည်များဖြင့် ရက်ရှယ်ထားသော ကတ္တီပါ ကောဇောရှည်ကြီး တချပ်နယ် ပြိုးပြက် ဖိတ်လက်နေပါသည်။ ကတ္တှီပါသောင်ယံပေါ်တွင် တောက်ပသော ရောင်စုံ ပင်လယ်ခရုလေး များ ပြောင်ချောနေသော ကျောက်စရစ်ခဲလုံးလေးများ ပျံ့ ကြဲနေပါသည်။ နို နစ်နုရောင် သဲ ဂဏာန်းငယ်များ ဘ၀ ခရီးကို ဖြောင့်တန်းစွာ သွားရခြင်းထက် တရွဲ့ တစောင်းသွားရသည်ကို နှစ်သက်ဟန်တူသော ၀င်ကစွပ်များ လမ်း သလားနေတတ်ကြပါသည်။
ပင်လယ် နဂါးအုပ်ကြီးနှင့်တူသော အမောက်ဖြူ လှိုင်းလုံးကြီးများကမူ ကျွန်းကလေးပေါ်သို့ တက်ရောက် အပန်း ဖြေရန် အလုအယက် ပြေးလွှားလာတတ်ကြပါသည်။ အထူးသဖြင့် ပင်လယ်ဒီရေ တက်ချိန်မျိုးတွင် ဖြစ်ပါသည်။ သို့ သော် မည်သည့်အခါမျှ ကျွန်းကလေးပေါ်သို့ ရောက်မလာခဲ့ကြပါ။ သောင်ပြင်ရောက်သည်နှင့် ပင်လယ်ထဲသို့  နောက်ပြန် လျှောကျသွာမြဲဖြစ်ပါသည်။ ပင်လယ်နတ်မင်းကြီး၏ ထာဝရ ကျိန်စာ အသင့်ခံနေရဟန်တူသော ရေန ဂါးအမောက်ဖြူ ပင်လယ်လှိုင်းကြီးများ၏ ၀ဋ်ဒုက္ခများ လွတ်ရက်မရှိ ကမ္ဘာဆုံးတိုင် ဖြစ်ဖွယ်ရှိပါသည်။
ပင်လယ်ကမ်းခြေ တစ်လျှောက် တစ်ကိုယ်တော် လမ်းလျှောက်နေချိန်မျိုးဆိုလျှင် ဤကမ္ဘာပေါ်တွင် လူသားဟူ၍ မိမိတစ်ဦးတည်သာ ရှိနေသယောင် ထင်မှတ်ရပါသည်။ ခန္ဓာကိုယ်သည် လဲဝါ ပွင့်လေးတပွင့်လို ပေါ့ပါးကာ အသိ ၀ိညာဉ် တစ်ခုတည်းကသာ ဟင်းလင်းပြင်တနေရာသို့ လျှောက်သွားနေုသည်နှင့်တူပါသည်။ အချိန်ကာသ ယန္ဒားကြီးသည် အတိတ်ဆီသို့ လမ်းမှား ခုတ်မောင်းသွားရာမှ ကမ္ဘာဦးအစသို့  ပြန်လည်ရောက်ရှိသွားလေရော့ သလား ထင်မှတ်မှားစရာ ဖြစ်ပါသည်။ ထိုအချိန် မျိုးတွင် မိမိကိုယ်ကို ဧ၀ ပျောက်ရှာပုံတော်ဖွင့်နေသော သနားစရာ အာဒံ အဖြစ် စိတ်ကူးယဉ်ခြင်သပ ဆိုလျှင်လည်း ယဉ်နိုင်ပါသည်။ သို့ တည်မဟုတ် ဘုရားသခင်က ဧ၀ ကိုမဖန်ဆင်းမှီ တကိုယ်ယောင်တောင်တောင်ဖြစ်နေသော အာဒံ ၏ အဖြစ်ကို တစိမ့်စိမ့်တွေးကာ ပြုံးချင်သပ ဆိုလျှင်လည်း ပြုံးနိုင်ပါသည်။
ထို စိတ်ကူးယဉ်မှုများကို ဆားငွေ့ ဖြင့် ထုံမွမ်းထားသော လေညှင်းတွင် မြောပါလာသည့် ပင်လယ်ငှက်များ ဥဒေါင်း များ၏ မြည်ကျူးသံနှင့် ပင်လယ်အော်သံတို့ က နောက်ခံတေးသွားအဖြစ် ဆင်ယဉ်ပေးပါလိမ့်မည်။
ပင်လယ်ကမ်းဦး ရေတိမ်ပိုင်းတွငိမူ ကျောက်ဆောင်မဲမဲများသည် ကျွန်းစောင့်နတ်ရုတ်တုများပမာ ဒီရေ အတက်ကို ဂရုမထားပဲ မားမားမတ်မတ်ရပ်နေကြပါသည်။ အိနြေ္ဒ ကြီးလွန်းသော တိတ်ဆိတ်ငြိမ်သက်ခြင်း ကျောက်သားခန္ဓာထဲမှ သူတို့ ၏၀ိညာဉ်များကို မှန်းဆရှာဖွေကြည့်သော်လည်း အရိပ်အရောင်မျှပင် မတွေ့ ရပါ။ သူတို့ သည်လည်း ပင်လယ်နတ်မင်းကြီး၏ ၀ိညာဉ် အနုတ်ခံ ထားရသော အပြစ်များပင် ဖြစ်ဟန်တူပါသည်။ ဆင်ခြေလျှော ကျောက်ကမ်းပါးယံများတွင် ကျောက်ပိုးများ ကျောက်ခမောက်များ ကပ်နေကြသည်မှာ ကြယ်တွေ စီထားသည့်နှယ် ရှိပါသည်။ ဒီရေ ကျချိန် ကမ်းစပ်ရေတိမ်ပိုင်းရှိ ကျောက်တုံး ကျောက်ခွက် သန္တာကျောက်ခက် များအကြား၌ ဘ၀ဲ ပင်လယ်မျော့ ပင်လယ်ပက်ကြိ ယောက်သွား ဂဏာန်း ရေညှိ ရေမှော် ကျောက်ခက် ကျောက်ပန်း စသည့် အမျိုးမျိုးသော ပင်လယ် သက်ရှိ သက်မဲ့များကို တွေ့ နိုင်ပါသည်။ အချို့ုသက်ရှိများသည် သက်မဲ့များနှင့်တူပြီး အချို့သက်မဲ့များက သက်ရှိများနှင့်တူပါသည်။ ထိုအရာများသည် သဏ္ဌာန်စုံ အရောင်အသွေးစုံ ဖြစ်ပါသည် ။အားလုံး လိုလိုပင် ညှိစိုစို့ သင်းနေတတ်ပါသည်။ ထိုအရာများကို တွေ့ ရခြင်းက (ဇီဝ အစ ပင်လယ်က) ဆိုသော စကားတစ်ခွန်းကို သတိရစေပါသည်။
အာဇာနည် (၈)ဦးအတွက် အမြင့်(၈)ပေ မျက်နှာစာ(၈)ခု အုတ်ဂူငယ် (၈)လုံးဖြင့်ဖွဲ့ စည်းထားသော အထိမ်းအမှတ် ကျောက်တိုင်ကို ပင်လယ်ကျောက်များဖြင့် စိုက်ထူလိုက်ကြပါသည်။ အုတ်ဂူငယ်များပေါ်တွင် သူတို့ ၏ အမည် နာမများ အသက်များ တိုက်ပွဲဝင်ရက်စွဲများ ပါတီဝင် ဂုဏ်ပုဒ်များကို ရေးထိုးထားပါသည်။ ကျောက်တိုင်၏ ပတ် ပတ်လည် မျက်နှာတိုင်းတွင် သူတို့ တစ်ဦးစီး၏နောက်ဆုံးထွက်သက်မတိုင်မှီ ရေးသား မှာကြားခဲ့သော တိုက်ပွဲဝင် စကားတစ်ခွန်းစီကို မှော်ကွန်းထိုးထားပါသည်။ ကျောက်တိုင်ထွဋ်ဖျားတွင်မူ အနီရောင်ကြယ်တစင်းနှင့် အလုပ်သမား လယ်သမားတို့ ၏ သင်္ကေတ တူနှင့် တံစင်ကိုထွင်းထုထားလိုက်ကြသည်။
အောင်ပွဲ ရလာဒ်အဖြစ် စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများကို ပြည်မသို့ ပြန်ပို့ ခဲ့ရသည်။ အာဇာနည်များ၏ အသက်နှင့် စတေး ခေါ်ယူခဲ့သော ပင်လယ်ကူးသင်္ဘောကြီးကို စီးကာ ပြည်တော်ပြန်ရသည်မှာ ဂုဏ်ယူဖွယ် ကောင်းသလို ရင်ကွဲနာကျစရာလည်းကောင်းပါသည်။
နောင် နှစ်ပေါင်း(၅၀) သို့ မဟုတ် နှစ်ပေါင်း(၁၀၀) သို့ မဟုတ်ထို့ ထက်ရှည်ကြာသော ကာလတခုတွင် ထိုကျွန်း လေးပေါ်၌ သမိုင်း ၀င်ပြတိုက်လေးတစ်ခု ပေါ်ထွန်းလာပေလိမ့်မည်။ ဟိတ်ဟန် မကြီးသော ရိုးသားနှိပ်ချသော သို့ သော် အမှန်တရားဖြင့် အသက်ဝင်လှုပ်ရှားနေသော ထိုပြတိုက်ကလေးထဲတွင် အာဇာနည်များ၏ ရုပ်ပုံ ကားချပ်များ သူတို့ ၏ အထ္တုပ္ပတ္တိများ တိုက်ပွဲဝင် မှတ်တမ်းများ သူတို့ မှတ်ခဲ့ရေးခဲ့သော လက်ရေးစာစောင်များ ၀တ်ဆင်ခဲ့သော ဖျဉ်ကြမ်း ပိတ်ဖြူ အင်္ကျီ လုံချည်များ အသုံးပြုခဲ့သော ဓါးလှံ လက်နက်များ သူတို့ တီးခတ်ခဲ့သော ဗျပ်စောင်းနှင့် တူရိယာ ပစ္စည်းများကို ပြသထားပေလိမ့်မည်။ စိတ်ဝင်တစား လေ့လာကြည့်ရှုနေသော လူမျိုးစုံ ပြည်သူများ၏ မျက်လုံးများသည် ကျွန်းကလေး၏ အတိတ်မှ အရိပ်များကို ပုံဖော်ကြည့်နေကြပေလိမ့်မည်။
ထိုကာလ၌ အချိန်၏ တိုက်စားမှုကို အံတုရင်ဆိုင်သော တချိန်က စစ်အာဏာရှင်စနစ်ဆိုး၏ လက်ချက်ဖြင့် အပျို ရည်ပျက်ခဲ့ရသော အုန်းကျွန်းကလေးသည်လည်း သူ၏ဂုဏ်သိက္ခာကို ပြန်လည် အဖတ်ဆယ်ခွင့် ရနေပေလိမ့် မည်။
ထိုအချိန်တွင် ကျနော် အသက်ရှင်လျှက်ရှိတော့မည် မဟုတ်ပါ။
သို့ သော် ကျေနပ်ဝမ်းမြောက်ပါသည်။


မြတ်နိုး


No comments: